မုံရွာမြို့ စီးပွားရေးဘဏ် အစောင့်ကျ ရဲဝန်ထမ်း ၁ ဦး လက်နက်များဖြင့် CDM ပြုလုပ်

မုံရွာမြို့ စီးပွားရေးဘဏ် အစောင့်ကျ ရဲဝန်ထမ်း ၁ ဦး လက်နက်များဖြင့် CDM ပြုလုပ်

စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အစောင့်တာဝန်ကျ ရဲတပ်သားတစ်ဦးသည် သေနတ်နှစ်လက်နှင့်အတူ CDM ပြုလုပ်ပြီး ဒေသကာကွယ်ရေးအဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း သံမဏိနှင့်အဖွဲ့သားများ- MPDF အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရဲတပ်သားသည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက သံမဏိနှင့်အဖွဲ့သားများ- MPDF အဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး လုံခြုံစိတ်ချရသည့် အခြေအနေတစ်ခုကို ရောက်ရှိပြီးဖြစ်၍ ပြည်သူ့ထံ အသိပေးခြင်းဖြစ်ကြောင်း သံမဏိနှင့်အဖွဲ့သားများ- MPDFအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူ့အနေနဲ့ကလည်း ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို ခုလိုချိန်မျိုးမှာ အာဏာရှင်ဘက်က ရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တော့တာတွေလည်း ပါမှာပေါ့” ဟု MPDFအဖွဲ့က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်က ရုန်းထွက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် အဆိုပါရဲတပ်သားကို ယနေ့ (စက်တင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် ဟားခါးဒေသကာကွယ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

“ခုလိုပူးပေါင်းပါဝင်လာတာဟာ သူတို့အတွက် မှန်ကန်တဲ့လမ်းစဉ်ပါ။ သူကတိုင်းရင်းသားလည်းဖြစ်တယ်။ သူရွှေးချယ်သွားတဲ့လမ်းက မှန်ကန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း CDM သူရဲကောင်းတွေအတွက် မှဲ့တစ်ပေါက်မှ မစွန်းစေဘဲ တာဝန်ယူ ကူညီပေးသွားမှာပါ” ဟု သံမဏိနှင့်အဖွဲ့သားများ- MPDFအဖွဲ့က မဇ္ဈိမကို ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်လမ်းခွဲပြီး လူထုနှင့်ပူးပေါင်းလာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ၎င်းတို့၏ လုပ်သက်၊ ရာထူးမှစ၍ ပင်စင်အထိပါ တာဝန်ယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကတိပြုပြောကြားထားသည်။

ဓာတ်ပုံ- (သံမဏိနှင့်အဖွဲ့သားများ- MPDFအဖွဲ့ဖေ့စ်ဘွတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required