ပုလဲမြို့ အနောက်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက် လုယက်နေ

ပုလဲမြို့ အနောက်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များ ဝင်ရောက် လုယက်နေ

စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ အနောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များက ဝင်ရောက်အကြမ်းဖက် လုယက်နေကြောင်း ဒေသခံများက မဇ္ဈိမကို သတင်းပေးပို့လာကြသည်။

ယနေ့ စက်တင်ဘာ ၁၈ ရက် နေ့လည်၁၂ နာရီအချိန်တွင် ပုလဲမြို့ အနောက်ဘက် ၁၀မိုင်ခန့် အကွာတွင်ရှိသည့် ကံကြီး ကျေးရွာသို့ စစ်ကောင်စီတပ်အင်အား ၁၀၀ခန့်က ဝင်ရောက်ကာ ရွာအတွင်းရှိ ဆိုင်ကယ် ၁၀ စီးကိုသိမ်းယူသွားခဲ့ပြီး အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ရွာခံများမှာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

“မင်းတိုင်ပင်စံပြကျေးရွာကို နေ့တိုင်းသူတို့ ဝင်မွှေတယ်။ ဒီနေ့မနက် မင်းတိုင်ပင် ရွာထဲကိုဝင်ပြီး စစ်ဆေးတယ်။ အဲဒီကနေ သီတင်း၊ ကံကြီး ကျေးရွာတွေကို သွားတာဗျ။ အခု လောလောဆယ်တော့ ဆိုင်ကယ် ၁၀စီး ယူသွားတယ်။ မနေ့ကလည်း ပန်းရွာကို ဝင်မွှေပြီး ရွှေတွေနဲ့ ဆိုင်ကယ်တွေရော ယူသွားသေးတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက သင်တန်းပေးမှုများရှိနေပြီး ပုန်းခိုလျက်ရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဆိုပါ ပုလဲမြို့ အနောက်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များက မကြာခဏ စစ်ကြောင်းထိုး ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ပုလဲ-PDF မှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပုလဲမြို့ အနောက်ဘက် ရှစ်မိုင်အကွာရှိ မင်းတိုင်ပင်စံပြကျေးရွာ အဝင်တွင် စစ်ကောင်စီအင်အား ၃၀ကျော်က နှစ်ရက်ခန့်တပ်စွဲထားပြီးနောက် ယနေ့မနက်တွင် ပုလဲမြို့ကလာသည့် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းကာ အဆိုပါ ကျေးရွာများအတွင်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“လောလောဆယ်ကတော့ သူတို့ သီတင်းနဲ့ ကံကြီး ကျေးရွာကို ရောက်နေကြတယ်၊ ပုံစံကြည့်ရတာတော့ လမ်းဟောင်းအတိုင်း ဆက်သွားမယ်ထင်တယ်။ သူတို့က တဖြည်းဖြည်း နယ်ချဲ့လာကြတာပေါ့။ သူတို့က အင်အားတွေတိုးလာပြီး တိုက်ပွဲတွေဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ဘက်က ပြင်ဆင်စရာရှိတာ ပြင်ဆင်နေပါတယ်” ဟု ပုလဲ-PDF မှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပုလဲမြို့နယ်တွင် အင်တာနက်များဖြတ်တောက်ထားသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး ယခုအချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်း ဝင်ရောက် ဖျက်ဆီးလုယက်မှုများသာပြုလုပ်နေကြောင်း သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly