တရုတ်က အာဖရိကတိုက်တွင် အခိုင်အမာ ခြေကုပ်ရယူရန် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု မြှင့်တင်လုပ်ဆောင်

တရုတ်က အာဖရိကတိုက်တွင် အခိုင်အမာ ခြေကုပ်ရယူရန် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု မြှင့်တင်လုပ်ဆောင်

တရုတ်နိုင်ငံသည် အာဖရိကတိုက်တွင် ပိုမို အားကောင်းသည့် ခြေကုပ်တစ်ခု ရရှိနိုင်‌ရေး လုပ်ဆောင်မည့် ယင်း၏ ကြီးမားသော မဟာဗျူဟာ တစိတ်တဒေသအဖြစ် အာဖရိကနိုင်ငံများနှင့်အကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံပတ်သက်မှုများကို ရှည်လျားသည့် အချိန်တစ်ခုကြာ တိုးမြှင့်လုပ်ဆောင်ထားခဲ့ကြောင်း မီဒီယာသတင်းဖော်ပြချက်တစ်ခုက ပြောသည်။

ပေကျင်းသည် ယင်း၏ ဘဏ္ဍာရေး အကျိုးစီးပွားများကို စိတ်ချလက်ချ ရှိစေရန်နှင့် အာဖရိကတိုက်တွင် ပိုမိုကြီးမားသော အခန်းကဏ္ဍတစ်ခုအတွက် မဟာဗျူဟာကျ သြဇာလွှမ်းမိုးမှု နယ်ပယ်တစ်ခု ရရှိနိုင်ရန်အတွက် အာဖရိကနှင့်အကြား ယင်း၏ ချိတ်ဆက်ပတ်သက်မှုကို မြှင့်တင်ထားခဲ့သည်။

အာဖရိကနိုင်ငံများအပေါ် သြဇာလွှမ်းမိုးမှုက တရုတ်ကို အကျိုးဖြစ်ထွန်းစေရန် ရှိနေချိန် ပေကျင်းအနေဖြင့် ပိုမို အရေးပါသည့် နေရာများကို ရရှိစေရန်၊ လိုအပ်ပါက အာဖရိကနိုင်ငံများ၏ မဲများကို ရရှိနိုင်ရန်အတွက် ဘက်ပေါင်းစုံ ဖိုရမ်များတွင် အာဖရိကနိုင်ငံများ၏ ထောက်ခံမှုကို လှုံ့ဆော်ရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု The Times of Israel က စက်တင်ဘာ ၁၄ ရက်တွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် အစီအမံသစ်တစ်ချို့ကို ကြေညာခဲ့ပြီးနောက် ပေကျင်းနှင့် အာဖရိကအကြား စစ်ရေးဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုများက စတင် ကြီးထွားလာခဲ့သည်။

စစ်ရေးဆိုင်ရာ အပိုင်းကဏ္ဍတွင် အပြန်အလှန် ဖလှယ်မှုများ လုပ်ဆောင်ရန် ပေကျင်းသည် တရုတ်-အာဖရိက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ်ကိုလည်း ထူထောင်ထားသည်။ ယင်းက အာဖရိကအတွက် ငြိမ်းချမ်းရေး

ထိန်းသိမ်းမှု လုပ်နိုင်စွမ်း တည်ဆောက်ရန်၊ စစ်ဘက် အမှုထမ်း လေ့ကျင့်သင်ကြားမှုများ တိုးချဲ့ရန်၊ အာဖရိကနိုင်ငံများနှင့်အကြား ကာကွယ်ရေးဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုကို လုံးလုံးလျားလျား မြှင့်တင်ရန် ရည်ရွယ်သည်။

ယင်းအပြင် တရုတ်သည် ငါးနှစ်တာ ကာလတစ်ခုအတွင်း အာဖရိက အရေးပေါ်သုံး တပ်ဖွဲ့ (ASF) နှင့် အကျပ်အတည်းဆိုင်ရာ ချက်ချင်းလက်ငင်း တုံ့ပြန် လုပ်ဆောင်နိုင်စွမ်း အာဖရိက တပ်ဖွဲ့ (ACIRC) တို့ထံ ကန်ဒေါ်လာ သန်း ၁၀၀ စစ်ရေးအကူအညီအတွက် ဘတ်ဂျက်ငွေတစ်ရပ် လျာထားသတ်မှတ်ထားသည်။

အာဖရိကသမဂ္ဂအတွက် ကွန်မြူနစ် အစိုးရသည် အကြီးဆုံးသော ဘဏ္ဍာ‌ရေးနှင့် စစ်ရေးဆိုင်ရာ ထည့်ဝင်ထောက်ပံ့သူနိုင်ငံ ဖြစ်သည်။

အာဖရိကတိုက်တစ်ခုလုံးအတွက် လုံခြုံရေး ထောက်ကူမှု ပရိုဂရမ်များ ကမ်းလှမ်းခြင်း၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းနှင့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတို့အတွက် နှစ်မြှုပ်ရည်ရွယ်ထားသည့် တရုတ်-အာဖရိက ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရန်ပုံငွေတစ်ရပ်ကိုလည်း တရုတ်လုံခြုံရေးစနစ်များက ဖန်တီးထူထောင်ထားသည်။

ပေကျင်းသည် အာဖရိကရှိ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး‌ရေး စီမံကိန်းများအတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ထိန်းသိမ်းမှု ရန်ပုံငွေ (ကန်ဒေါ်လာ သန်း ၂၀၀ ခန့်) ကနေတဆင့် ရန်ပုံငွေကြေးများ လမ်းကြောင်းဖော် စီးဝင်စေလျက် ရှိသည်။

၂၀၁၈ ခုနှစ်က တရုတ်သည် ကင်မရွန်းနိုင်ငံ ယောင်အွန်ဒေးရှိ အာဖရိကသမဂ္ဂ၏ ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်ဌာနထံ စစ်ဘက် ပစ္စည်းများအတွက် ဒေါ်လာ ၂၅ သန်း၊ နိုင်ငံစုံပါ ပူးပေါင်းအထူးတပ်ဖွဲ့ (MNJTF) နှင့် ဆိုမာလီယာရှိ အာဖရိကသမဂ္ဂ မစ်ရှင် (AMISOM) တို့အတွက် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၀ ပေးအပ်ထားခဲ့ကြောင်း The Times of Israel က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly