ဖားကန့်တွင် Mytel တာဝါတိုင်စက်တစ်လုံး မိုင်းဆွဲ ဖောက်ခွဲခံရ

ဖားကန့်တွင် Mytel တာဝါတိုင်စက်တစ်လုံး မိုင်းဆွဲ ဖောက်ခွဲခံရ

စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ဆိပ်မူကျေးရွာ ဆိုင်းတောင် ရပ်ကွက်(၃) တွင် အမည်မသိအဖွဲ့မှ အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်‌ဘေးရှိ Mytel စက်တစ်လုံးအား ယမန်နေ့ စက်တင်ဘာ ၁၆ ရက်ညပိုင်းတွင် မိုင်းဆွဲဖောက်ခွဲလိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

"အခုက အင်တာနက်တွေ ဖြတ်ထားတာ တစ်လရှိပြီ။ သူတို့(စစ်ကောင်စီတပ်သား)လိုရင် သုံးလို့ရတာပဲရှိတယ်။ ဒေသခံတွေသုံးလို့မရအောင် ဖြတ်ထားလို့၊ မကျေနပ်လို့ အမည်မသိအဖွဲ့က ဖောက်ခွဲကြတာပါ။ နောက်လည်း တာ၀ါတိုင်တွေကို လုပ်ဖို့ရှိတယ်လို့ကြားတယ်။ အရင်ရက်ကလည်း ခြိမ်းခြောက်တဲ့သဘောနဲ့ တာဝါတိုင်အနား ဖောက်ခွဲခဲ့သေးတယ်"ဟု ဖားကန့်မြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါMytel တာဝါတိုင်စက် ဖောက်ခွဲမှု မတိုင်ခင် ယမန်နေ့ စက်တင်ဘာ ၁၅ ရက်ကလည်း ဖားကန့်မှော်ထဲရှိ Mytel တာဝါတိုင်အနီးတွင် ခြိမ်း‌ခြောက်သည့်ပုံစံဖြင့် မိုင်းဆွဲဖောက်ခွဲမှုရှိခဲ့ကြောင်း ဒေသခံတချို့ထံက သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဖားကန့်မြို့အား ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်မှစ၍ အင်တာနက်ဖြတ်တောက်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly