ထောင်ကျနေသည့် ဆော်ဒီ ဘလော့ဂါ ဆာခါရော့ဗ်ဆုချီးမြှင့်ခံရ၍ ဇနီးသည်က ကိုယ်စားတက်ယူ

ထောင်ကျနေသည့် ဆော်ဒီ ဘလော့ဂါ ဆာခါရော့ဗ်ဆုချီးမြှင့်ခံရ၍ ဇနီးသည်က ကိုယ်စားတက်ယူ

ပါရီ၊ ဒီဇင်ဘာ ၁၇ ။            ။ ဥရောပပါလီမန်၏ ဂုဏ်သတင်းကြီးသော လူအခွင့်အရေးဆိုင်ရာ ဆာခါရော့ဗ်ဆုကို ဆော်ဒီအာရေဗျနိုင်ငံမှ ထောင်ချခံထားရသူ ဘလော့ဂါ ရစ်ဘာဒါဝီအား ချီးမြှင့်လိုက်ရာ ဇနီးဖြစ်သူက ကိုယ်စားတက်ယူခဲ့ပြီး အာရပ်နိုင်ငံများအနေဖြင့် ဘာသာရေးခေါင်းဆောင်များ၏ အမိန့်သြဇာကြီးမားနေခြင်းမှ ရုန်းထွက်ရန်နှင့် မတူညီသော အမြင်များအပေါ် လက်ခံကြရန် တိုက်တွန်းပြောသွားခဲ့သည်။

ဘလော့ဂါ ဘာဒါဝီ၏ ဇနီး အန်ဆက်ဟိုင်ဒါက အခမ်းအနားတွင် ပြောကြားရာ၌ ၎င်း၏ ခင်ပွန်းဖြစ်သူမှာ အစ္စလာမ်အား စော်ကားသည်ဆို၍  ကြိမ်ဒဏ် ၁၀၀၀ နှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံထား ရကြောင်း၊ ခင်ပွန်းဖြစ်သူသည် လေကို လွတ်လွတ်လပ်လပ် အသက်ရှုရသကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ယုံကြည်သူတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။

“ဒီဆုကို ကျွန်မရဲ့ ခင်ပွန်း ရရှိတဲ့အတွက် ဝမ်းသာပါတယ်။”ဟု ဟိုင်ဒါက ပြောသည်။

ပါလီမန်အကြီးအကဲ Martin Schulz ကလည်း “ဘာဒါဝီအား သက်ညှာခွင့်ပြုပြီး နောက်ထပ်ဆင်းရဲဒုက္ခများ မခံစားရစေဘဲ မိသားစုထံ ပြန်ခွင့်ပေးရန်” ဆော်ဒီဘုရင်ထံ တောင်းဆိုလိုက်သည်။

ပြင်သစ်အရှေ့ပိုင်း စထရာဘော့တွင် ကျင်းပသည့် ပါလီမန်ညီလာခံသို့ လက်ခုပ်သံများကြားမှ ဆုတက်ရောက်ယူခဲ့သည့် ဟိုင်ဒါက ခင်ပွန်းဖြစ်သူ၏ ဓာတ်ပုံကို ရင်ဝယ်ပိုက်ထားကာ ပြီးခဲ့သည့် လက ဖြစ်ပွားခဲ့သော ပါရီတိုက်ခိုက်မှု၌ သေဆုံးခဲ့ရသူများအတွက် တစ်မိနစ် ငြိမ်သက်ရန် တောင်းဆိုကာ ဝမ်းနည်းကြောင်း ပြသခဲ့သည်။

အသက် ၃၁ နှစ်ရှိ ဘာဒါဝီသည် ၂၀၁၂ ခုနှစ်အတွင်းက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းအား အများအမြင်တွင် ကြိမ်ဒဏ် ငါးဆယ်ကို ရိုက်နှက်ပြခဲ့သဖြင့် နိုင်ငံတကာ ဆန့်ကျင်ကန့်ကွက်မှုများ   ပေါ်ပေါက်ခဲ့ပြီး  ဆော်ဒီအာရေဗျနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီးလည်း မှတ်တမ်းသွင်းခံခဲ့ရသည်။

ဘာဒါဝီသည် လွတ်လပ်စွာပြောဆိုခွင့်နှင့် ပြည်သူများ၏ နေထိုင်မှုဘဝအပေါ် ဘာသာရေးခေါင်းဆောင်များ၏ သြဇာလွှမ်းမိုးခြင်းများ နိဂုံးသတ်ရေး အားပေးလှုံ့ဆော်သည့် Saudi Liberal Network Internet အစုအဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly