မြန်မာအတွက် ကမ္ဘာလုံးဆိုင်ရာ စာနာကူညီမှု အလှူငွေ ဓမ္မတေးဂီတပွဲ မီဇိုရမ်ပြည်နယ်တွင်ကျင်းပ

By ပါခွီး
16 September 2021
မြန်မာအတွက် ကမ္ဘာလုံးဆိုင်ရာ စာနာကူညီမှု အလှူငွေ ဓမ္မတေးဂီတပွဲ မီဇိုရမ်ပြည်နယ်တွင်ကျင်းပ

စက်တင်ဘာ ၁၆

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ရည်ရွယ်ကာ ‘မြန်မာအတွက် ကမ္ဘာလုံးဆိုင်ရာ စာနာကူညီမှု အလှူငွေ ဓမ္မတေးဂီတပွဲ’ ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ယမန်နေ့ စက်တင်ဘာ ၁၅ရက် က အိန္ဒိယနိုင်ငံ ဒေသစံတော်ချိန် ၈နာရီအချိန်တွင် အိုက်ဇောမြို့အခြေစိုက် Glory Mizo Channel ကကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။

ပွဲတွင် အစီအစဉ်မှူးများအဖြစ် အဆိုတော် Vanlalsailova နှင့် Esther Zongte တို့က ဆောင်ရွက်ခဲ့ကြပြီး Vanlalsailova , Hlimhlimi , Duhsaki Khingte, Lalrindiki Khiangte , Zorema Khingte , Maruati -နှင့် မြန်မာနိုင်ငံမှ Myanmar Idol အဆိုတော် Benjamin Sum တို့က ပါဝင်ဖျော်ဖြေခဲ့ကြသည်။

ဂီတပွဲတော်တွင် မီဇိုရမ်ဒေသတွင်းပြည်သူများသာမက အင်္ဂလန် ၊ အမေရိကန် ၊ သြစ‌တေးလျ နှင့် ကမ္ဘာတဝန်းလုံးရှိ ဇို (ချင်း) လူမျိုးများက ပါဝင်ထည့်လှူခဲ့ကြသည်။

ဂီတပွဲတော် ဖွင့်ပွဲတွင် ပွဲဖြစ်မြောက်ရေးစီစဉ်သူတစ်ဦးဖြစ်သည့် Dr. Dennis Ramdinmawia က မြန်မာ့နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်သားများ ကြုံတွေ့နေသည့်အခက်အခဲများနှင့် မြန်မာ စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ဗွီဒီယိုများနှင့်တကွ ရှင်းပြပြီး ဒုက္ခအတိရောက်နေကြသည့် မြန်မာပြည်မှ သွေးချင်းညီအကို ဇို (ချင်း) များအတွက် တတ်နိုင်သလောက် ကူညီကြရန် လိုအပ်ကြောင်း ရှင်းလင်းတင်ပြသွားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမှ သွေးထွက်သံယိုဖြစ်ပွားမှုများနှင့် အခက်အခဲဒုက္ခများသည် ရပ်တန့်သွားမည့် အရိပ်အ‌ခြည် မတွေ့ရဘဲ ဆက်လက်ဆိုးရွားလာဦးမည့် အခြေအနေများကိုမြင်တွေ့‌ နေရသည့်အတွက် ဂီတပွဲတော်များနှင့် အလှူ‌ငွေကောက်ခံခြင်းများကို စက်တင်ဘာ တစ်လလုံး ဆက်လက်ပြုလုပ်သွားရန် ရည်ရွယ်ထားသည့်အတွက် အတတ်နိုင်ဆုံးကူညီ‌ပေးကြရန် ၎င်းက တိုက်တွန်းနှိုးဆော်သည်။

အဆိုပါဂီတပွဲအပြီးတွင် လက်ခံရရှိထားသည့် အလှူငွေ ရူပီး ၂၄သိန်း ကျော် (မြန်မာငွေ ကျပ် ၅၇၆ သိန်းကျော် )ကို မြန်မာနိုင်ငံမှ တိုက်ပွဲရှောင်များအတွက်လိုအပ်သည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများ အပါအဝင် တိုက်ပွဲရှောင်ဦးရေ တစ်သောင်းကျော်ခိုလှုံလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required