တရုတ်က ဂါဇီ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တိဘက် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်း

By Latestly
16 September 2021
တရုတ်က ဂါဇီ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တိဘက် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်း

တရုတ် တာဝန်ရှိသူများသည် ဂါဇီ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆာရွှီကောင်တီ ဒီဇာဝန်ပို မြို့မှ ဘုန်းကြီး ခြောက်ပါး အပါအဝင် တိဘက် ရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု တိဘက် မီဒီယာများက ဖော်ပြသည်။

ထိန်းသိမ်းခံရသူများထဲတွင် ကျေးရွာနယ်ဘက်မှ အမျိုးသမီးနှစ်ဦးလည်း ပါဝင်ကြောင်း Phayul သတင်းဆိုဒ်က Tibet.com ကို ကိုးကားဖော်ပြသည်။

ထို ဖမ်းဆီးမှုများသည် စက်တင်ဘာ ၃ ရက်က ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အမည် မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက Tibet Post ကို ပြောကြားရာတွင် “ပြီးခဲ့တဲ့ နှစ်တွေ အတောအတွင်း ဝန်ပိုမှာ ရှိတဲ့ တိဘက်တွေနဲ့ ဘုန်းကြီးတွေဟာ ဒေသခံ တိဘက်တွေကို တိဘက် ဘာသာစကား သင်ကြားဖို့ ၎င်းတို့ သဘောဆန္ဒအလျောက် လုပ်ဆောင်ထားခဲ့ကြပါတယ်၊ ‘မိခင်ဘာသာစကား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့’ ဆိုတဲ့ အဖွဲ့တစ်ခုလည်း ဝန်ပိုမှာ ရှိပါတယ်၊ ခု ထိန်းသိမ်းခံရတဲ့ တိဘက်တွေက အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

တားမြစ်ပိတ်ပင်ထားသည့် ဘာသာရေးခေါင်းဆောင်များ၏ ရုပ်ပုံများကို လက်ဝယ်ထားရှိမှုအပေါ် ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်၏ တစိတ်တဒေသအဖြစ် ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်ကလည်း ဆာရွှီကောင်တီ ဒီဇာဝန်ပိုမြို့တွင် တိဘက် ၅၉ ဦး ထိန်းသိမ်းခံခဲ့ရသည်။

တိဘက် ၅၃ ဦး ဖမ်းဆီးခံခဲ့ရသည့် ဒုတိယမြောက် လူအများအပြား ဖမ်းဆီးခံရမှုတို့ကို ကြည့်မည်ဆိုပါက ဘာသာရေးခေါင်းဆောင်များ၏ ရုပ်ပုံများကို ရှာဖွေခြင်းနှင့် ပြည်ပရောက် ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ပြုလုပ်မှုတို့ကို ဖော်ထုတ်သည့် စုံစမ်းစစ်ဆေးမှုတို့ ပါဝင်သော စုပေါင်းကမ်ပိန်းတစ်ခုကို ညွှန်ပြနေသည်။

တရုတ်တပ်ဖွဲ့များသည် ၁၉၅၀ တွင် တိဘက်ကို သိမ်းပိုက်ခဲ့သည်။ ၁၉၅၉ ခုနှစ် တိဘက် အုံကြွမှုတွင် တိဘက် ဒေသခံများနှင့် တရုတ်တပ်ဖွဲ့များအကြား ပြင်းထန်ကြမ်းတမ်းသည့် ပဋိပက္ခများကို တွေ့မြင်ခဲ့ရသည်။

တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် မအောင်မြင်သော အုံကြွမှုနောက်ပိုင်း ၁၄ ဦးမြောက် ဒလိုင်းလားမားသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ တိဘက်၏ ဘာသာရေးခေါင်းဆောင်ဖြစ်သည့် ဒလိုင်းလားမားသည် အိန္ဒိယတွင် အဝေးရောက်တိဘက်အစိုးရတစ်ရပ်ကို ထူထောင်ထားသည်။

လက်ရှိအချိန်တွင် ဒါရမ်ဆာလာမြို့ တစ်ခုတည်းမှာတင် တိဘက် ၁၀,၀၀၀ ကျော် နေထိုင်လျက် ရှိသလို ကမ္ဘာတဝန်း အခြေချနေထိုင်လျက်ရှိသည့် ပြည်ပရောက်တိဘက်လူမျိုး ၁၆၀,၀၀၀ ခန့် ရှိနေသည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ဖြစ်လာပြီးနောက် ရှီကျင့်ဖျင်သည် တိဘက်တွင် လုံခြုံရေး ထိန်းချုပ်မှု တိုးမြှင့်သည့် ခိုင်မာသော မူဝါဒတစ်ခုကို ဖော်ဆောင်ခဲ့သည်။ ပေကျင်းသည် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများနှင့် ဒလိုင်းလားမား၏ နောက်လိုက်များကို ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ထားသည်။

အမေရိကန်သည် တိဘက်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကိစ္စကို ပလက်ဖောင်းအသီးသီးတွင် ထုတ်ဖော်ထားသည်။

မကြာ‌သေးခင်က အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီ ရှာမန်းသည် တရုတ်သို့ သွားရောက်ခဲ့ပြီး တရုတ်တာဝန်ရှိသူများနှင့် တွေ့ဆုံစဥ် တိဘက်၊ ဟောင်ကောင်နှင့် အရှေ့ တာကစ်တန်တို့ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly