ကဗျာဆရာ ပိုင်စိုးဝေ၏ သားသမီး ၄ဦးအား PDFကို ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီး

ကဗျာဆရာ ပိုင်စိုးဝေ၏ သားသမီး ၄ဦးအား PDFကို ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီး

စက်တင်ဘာ ၁၆

မန္တလေးမြို့ရှိ ကဗျာဆရာပိုင်စိုးဝေ၏ သားသမီး လေးဦးအား PDFနှင့် CDMပြုလုပ်သူများကို ထောက်ပံ့သည်ဟု စစ်‌ကောင်စီတပ်က စွပ်စွဲကာ ဖမ်းဆီးသွားကြောင်း ၎င်းတို့နှင့် နီးစပ်သည့်အသိုက်အဝန်းထံက သိရသည်။

"PDFတွေနဲ့ CDMတွေကို ကူညီထောက်ပံ့တာတွေလုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ဖမ်းတာတဲ့။ ဆရာ့ သားတစ်ယောက်နဲ့ သမီးသုံးယောက်စလုံးပါသွားတယ်။ ဆရာ့အမျိုးသမီးကတော့ အိမ်မှာကျန်ခဲ့တယ်" ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်က ဦးပိုင်စိုးဝေ၏ သားသမီး လေးဦးကို ယမန်နေ့ စက်တက်ဘာ ၁၆ရက် နေ့လယ် ၁၂ ကျော်အချိန်က မန္တလေးနန်းရှေ့ပန်တျာကျောင်းဝင်းအတွင်းက ၎င်းတို့၏ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"သားသမီး ၄ ယောက်စလုံး PDF နဲ့ပတ်သက်တယ်ဆိုပြီး အိမ်မှာလာဖမ်းသွားတာပါ။ အခုက ဆရာကြီးကတော်တစ်ယောက်တည်းပဲကျန်တယ်။ သူ့ကိုလည်း စောင့်ကြည့်စာရင်းလို့ကြားတယ်" ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကဗျာဆရာတစ်ဦးကပြောသည်။

မတရားဖမ်းဆီးခံထားရသည့် ဦးပိုင်စိုးဝေ၏ သားသမီးများကို ပြန်လည်လွှတ်ပေးသင့်သည်ဟုလည်း မန္တလေးမြို့မှ ကဗျာဆရာများက ဆိုသည်။

စာပေအနုပညာရှင်များနှင့် စာပေ မြတ်နိုးသူများက နန်းရှေ့နယ်စားကြီးဟု ချစ်စနိုး ခေါ်‌ကြသည့် ကဗျာဆရာ ပိုင်စိုးဝေသည် ၂၀၂၀ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ၎င်းနေထိုင်ရာ မန္တလေး ပန်တျာ ကျောင်းဝင်းအတွင်းရှိ နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly