FBI အလိုရှိသူ ဟက်ကာနီခေါင်းဆောင်ကို အာဖဂန်ပြည်ထဲရေးဝန်ကြီးခန့်မှုက အမေရိကန်အပေါ် “အပြင်းအထန် ရိုက်ပုတ်မှု” ဖြစ်ဟု ဆို

By Zee5
16 September 2021
FBI အလိုရှိသူ ဟက်ကာနီခေါင်းဆောင်ကို အာဖဂန်ပြည်ထဲရေးဝန်ကြီးခန့်မှုက အမေရိကန်အပေါ် “အပြင်းအထန် ရိုက်ပုတ်မှု” ဖြစ်ဟု ဆို

ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က အလိုရှိနေသူတစ်ဦးဖြစ်သည့် ဟက်ကာနီကွန်ရက် ခေါင်းဆောင်တစ်ဦးဖြစ်သော ဆီရာဂျူဒင် ဟက်ကာနီကို အာဖဂန်နစ္စတန်ကြားဖြတ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းသွင်း ခန့်အပ်မှုက အမေရိကန်နိုင်ငံအပေါ် “အပြင်းအထန် ရိုက်ပုတ်မှု” တစ်ခု ဖြစ်သည်ဟု ပညာရှင်များက ယုံကြည်နေကြသည်။

အာဖဂန် ပြည်ထဲရေးဝန်ကြီးသစ်သည် တားမြစ်ပိတ်ပင်ခံထားရသည့် ဟက်ကာနီ ကွန်ရက် ခေါင်းဆောင်ဖြစ်သလို ၎င်းသည် FBI ၏ အလိုရှိခြင်း ခံထားရသူစာရင်းတွင် ကာလကြာ ပါဝင်နေသူဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် think tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့) တစ်ခု၏ စီနီယာ ဒုဥက္ကဋ္ဌ ဆက်သ် ဂျီ ဂျုံးစ်က ပြောကြောင်း Sputnik က ဖော်ပြသည်။

“ဟက်ကာနီ ဆိုတာ ဘာလဲဆိုတာကို အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေး အသိုင်းအဝိုင်းက ကောင်းကောင်း သိနေပါတယ်၊ သူ ( ဆီရာဂျူဒင် ) ဟာ သူ့ကို ပစ်မှတ်ထားဖို့ ကြိုးပမ်းမှုတွေကနေ လွတ်မြောက်ထားနိုင်ခဲ့ပါတယ်၊ သူဟာ သူ့လက်နဲ့ အမေရိကန်ကို သွေးထွက်သံယိုဖြစ်အောင် လုပ်ထားခဲ့ပြီး ကောက်ကျစ်စဥ်းလဲ အန္တရာယ်များတဲ့ ရန်သူတစ်‌ယောက်ပါ” ဟု ဂျုံးစ်က ပြောသည်။

အမေရိကန်ပြည်သူ ထောင်ချီသေဆုံးခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ တာဝါနှစ်ခု တိုက်ခိုက်ခံခဲ့ရသည့် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ် နှစ်ပတ်လည် အောက်မေ့သတိယမှု အထိမ်းအမှတ်ကို အမေရိကန်တွင် ပြုလုပ်ခဲ့ချိန် ယခုကဲ့သို့ ပြောဆိုချက်များ ထွက်ရှိလာခြင်း ဖြစ်သည်။

ဒေတာအချက်အလက်များအရ ဆီရာဂျူဒင်သည် အာဖဂန်နစ္စတန်ရှိ အမေရိကန်နှင့် ညွန့်ပေါင်းအဖွဲ့များကို ပစ်မှတ်ထားပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများတွင် ချိတ်ဆက်ညှိနှိုင်း ပါဝင်လုပ်ဆောင်ထားသည်ဟု ယုံကြည်ရကြောင်း ဂျုံးစ်က Wall Street ဂျာနယ်တွင် ပြောခဲ့သည်။

အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် လူ ခြောက်ဦး သေဆုံးခဲ့သည့် ကဘူးလ်မြို့ ဟိုတယ်တစ်ခု ၂၀၀၈ ဇန်နဝါရီလက ပစ်မှတ်ထားတိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပြီးနောက် ဆီရာဂျူဒင်သည် FBI ၏ အလိုရှိခံရသူတစ်ဦး ဖြစ်လာခဲ့သည်။

တာလီဘန်တို့သည် အမေရိကန်ဦးဆောင်သော စစ်ရေးညွန့်ပေါင်းအဖွဲ့ကို နှစ် ၂၀ ကြာ တိုက်ခိုက်မှုကို ကြီးကြပ်ခဲ့သည့် အယူဝါဒ တရားသေကိုင်စွဲသူတစ်ချို့ကို ယင်း၏ အစိုးရသစ်တွင် ထည့်သွင်းခန့်အပ်ထားသည်။

တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် ကြေညာခဲ့သည့် စာရင်းတွင် တာလီဘန်အဖွဲ့၏ ဝါရင့်အုပ်စုအဖွဲ့ဝင်များသာ လွှမ်းမိုးထားခဲ့သည်။

ကြားဖြတ်အစိုးရအဖွဲ့တွင် မူလာ မူဟမ်မက်ဒ် ဟက်ဆန် အက်ခွန်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး မူလာ အဗ္ဘဒူလ် ဂါနီ ဘာရာဒါနှင့် မိုလာဗီ အဗ္ဘဒူလ် ဆာလမ်ဟာနာဖီတို့က လက်ထောက်များအဖြစ် ခန့်အပ်ခံရသည်။

ဟက်ကာနီ အဖွဲ့သည် တာလီဘန်၏ လက်ရုံး အဖွဲ့တစ်ခုအဖြစ် သိရှိထားရပြီး ယင်းသည် အာဖဂန်နစ္စတန်တွင် ကြားဖြတ်အစိုးရ ဖွဲ့စည်းမှုကို ကူညီပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly