ရေငုပ်သင်္ဘောတင် ပဲ့ထိန်းဒုံးကျည် တောင်ကိုရီးယား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

ရေငုပ်သင်္ဘောတင် ပဲ့ထိန်းဒုံးကျည် တောင်ကိုရီးယား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
Photo - AFP

စက်တင်ဘာ ၁၆

ရေငုပ်သင်္ဘောပေါ်မှ တင်ဆောင်ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို တောင်ကိုရီးယားနိုင်ငံဟာ ဗုဒ္ဓဟူးနေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါတယ်။ 

ကမ္ဘာမှာ ခုနစ်နိုင်ငံမြောက် နိုင်ငံအနေနဲ့ အခု ခေတ်မီတဲ့ လက်နက်နည်းပညာကို အောင်မြင်အောင် စမ်းသပ်နိုင်ခဲ့တာဖြစ်ပြီး ဒီအတွက် ဒေသတွင်း လက်နက်အင်အား ယှဉ်ပြိုင်မှု ကြီးထွားလာမယ့် အလားအလာတွေ မြင့်တက်စေပါတယ်။ 

တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ ဆိုထားပြီး ဆိုးလ်မြို့တော်ဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိခဲ့ပြီး နာရီအတန်ကြာအတွင်းမှာပဲ သမ္မတ မွန်ဂျေအင်း ကြီးကြပ်ကွပ်ကဲပြီး အခု ပစ်လွှတ်မှုကို စမ်းသပ်အောင်မြင်ခဲ့တာပါ။ 

အခု ရေငုပ်သင်္ဘောပေါ်ကနေ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်တာဟာ စစ်ရေးစွမ်းရည် တောင့်တင်းအောင် တည်ဆောက်နေတဲ့ တောင်ကိုရီးယားအတွက် မဟာဗျူဟာ အောင်မြင်မှု ဖြစ်ပါတယ်။ နျူကလီယးယားလက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းတွေကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံဟာ ကြိုးပမ်းနေရတာပဲ ဖြစ်ပါတယ်။ 

“အံ့မခန်းဖြစ်လောက်တဲ့ နေ့ရက်လို့ပဲ ပြောရမယ်၊ ကိုရီးယားနှစ်နိုင်ငံဟာ တစ်ရက်တည်းမှာ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ကြတာပဲ”လို့ Yonsei တက္ကသိုလ်မှ ပါမောက္ခ ဂျွန်ဒဲလ်လူရီက အေအက်ဖ်ပီကို ပြောပါတယ်။ 

“အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ဒါဟာ အဲဒီ ဒေသတွင်းမှာ လက်ရုံးအင်အား အားပြိုင်မှု ဖြစ်နေပြီဆိုတာပဲ၊ အားလုံး အာရုံစိုက်ဖို့ လိုအပ်နေပြီ”ဆိုပြီး သူက ဆိုပါတယ်။ 

တောင်ကိုရီးယားဟာ တပ်တော်သွင်းထားတာ မကြာသေးတဲ့ Ahn Chang-ho ရေငုပ်သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ဒုံးကျည်ဟာ ရည်မှန်းထားတဲ့ ခရီးတာအတိုင်း ပျံသန်းပြီး ပစ်မှတ်ဆီ ထိမှန်ကြောင်း သမ္မတရုံး အိမ်ပြာတော်က ထုတ်ပြန်ပါတယ်။ 

ရေငုပ်သင်္ဘောပေါ်ကနေ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်တဲ့ စစ်ရေးစွမ်းရည် ရှိထားပြီးတဲ့ အခြားနိုင်ငံအားလုံးဟာ ကိုယ်ပိုင်နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ 

အခု စမ်းသပ်အောင်မြင်မှုကြောင့် တောင်ကိုရီးယားဟာ ‘မြောက်ကိုရီးယားရဲ့ ရန်စတာကို အချိန်မရွေး တုံ့ပြန်ဟန့်တားနိုင်စွမ်း အခုဆိုရင် ပိုင်ဆိုင်ထားပြီ’လို့ သမ္မတ မွန်ဂျေအင်းက ပြောရင်း မြောက်ကိုရီးယားရဲ့ အချိုးအစားမကျတဲ့ စစ်အင်အားကို လွှမ်းမိုးနိုင်ဖို့ လက်နက်စီမံကိန်းတွေ ဆက်လက်တိုးမြှင့်လုပ်ဆောင်ဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required