စစ်ကောင်စီတပ်က တောင်းသောငွေမပေး၍ ရိုက်နှက်ခံရရာက လူငယ် ၂ ဦးသေဆုံး

စစ်ကောင်စီတပ်က တောင်းသောငွေမပေး၍ ရိုက်နှက်ခံရရာက လူငယ် ၂ ဦးသေဆုံး

စက်တင်ဘာ ၁၆

ရွှေဘိုမြို့တွင် လူငါးဦးကို စစ်တပ်ကငွေတောင်းမရသည့်အဆုံး ရိုက်နှက်ရာ နှစ်ဦးသေဆုံးသွားမှု စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

“ကျွန်တော့်ညီလေးက (ယမန်နေ့) ညကဆုံးသွားတာပါ။ အဲဒီနေ့က သူအပါအဝင် ငါးဦး၊ သူတို့ထဲမှာ စပါးကုန်သည်လည်းပါတယ်။ လမ်းမှာစစ်သားတွေကတားပြီး ငွေတောင်းတယ်တဲ့။ ပြီးတော့ လူငယ်တွေဆိုတော့ ပြန်ခုခံမယ်လုပ်ကြတော့ သူတို့က လမ်းပေါ်မှောက်ခိုင်းပြီး အရမ်းရိုက်ကြတာ၊ အချို့ဆို ငယ်ပါတွေပါ အနင်းခံရတယ်။ ” ဟုသေဆုံးသူ၏ မိသားစုဝင်ကပြောသည်။

စက်တင်ဘာ ၂ ရက် ည ၈ နာရီခန့်တွင် ရွှေဘိုမြို့၊ စက်မှုဇုန် မှ ပြန်လာသူ ငါးဦးအား ရွှေဘိုဂေါက်ကွင်းလမ်းအနီးတွင် စစ်ကောင်စီတပ်သားများက ငွေတောင်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

လူငယ်တစ်ယောက်ပွဲချင်းပြီးသေပြီး ဒဏ်ရာရ၍ မုံရွာဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့သည့် အသက် ၂၀ အရွယ် ကိုဇင်မင်းဦးသည် ဆေးရုံမှ ဆင်းပြီး လေးရက်အကြာ ယမန်နေ့က သေဆုံးသွားခြင်းဖြစ်သည်။

“အရိုက်ခံရတဲ့နေ့က သတိလစ်နေကြတော့ စစ်သားတွေက ရွှေဘိုဆေးရုံကိုခေါ်သွားကြတယ်၊ ကုရင်းနဲ့မရတော့ မုံရွာဆေးရုံကို ပြောင်းတယ်။ အဲကဆင်းလာပြီး အိမ်ပြန်ရောက်တော့ ညီလေးကဝေဒနာခံစားရတာ ညတိုင်းအော်နေရတယ်။ အသက်ရှူလည်းကြပ်တယ်။ ခြေထောက်တွေလည်း ရောင်ကိုင်းနေတာပဲ။

ကျွန်တော်တို့လည်း အောက်ဆီဂျင်ပေးပါသေးတယ်။ ဒါပေမဲ့မရတော့ဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုဇင်မင်းဦးသည် ရွှေဘိုမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ ရှားတောကျေးရွာတွင်နေထိုင်သူဖြစ်သည်။

၎င်း၏ရုပ်အလောင်းအား ယနေ့ နေ့လည်ပိုင်းတွင် မြေချ သင်္ဂြိုဟ်မည်ဟု မိသားစုဝင်က ပြောသည်။

“ တရားမျှတမှုလိုချင်တာပေါ့ဗျာ၊ ဒါပေမဲ့ အခုချိန်မှာတော့ ထိုင်ငိုနေရုံကလွဲလို့ ပြည်သူတွေဘက်မှာ ဘာမှမတတ်နိုင်ဘူးပေါ့။ အမြန်ဆုံး ငြိမ်းချမ်းချင်တာပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရိုက်နှက်ခံရမှုတွင် ပါဝင်သည့် ကိုဥက္ကာမှာ မုံရွာဆေးရုံတွင် ကုသမှုခံနေယူဆဲဖြစ်ပြီး ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။

ဒဏ်ရာမပြင်းထန်သည့် ကျန်နှစ်ဦးမှာ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၂ ရက် ညက အချုပ်ခံခဲ့ရပြီး နောက်တစ်နေ့တွင် ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly