ဟောင်‌ကောင်၌ တီယန်မင်ရင်ပြင် ဆုတောင်းပွဲစီစဥ်သူများ အမျိုးသားလုံခြုံရေးဥပဒေဖြင့် တရားစွဲဆိုခံရ

By BBC
14 September 2021
ဟောင်‌ကောင်၌ တီယန်မင်ရင်ပြင် ဆုတောင်းပွဲစီစဥ်သူများ အမျိုးသားလုံခြုံရေးဥပဒေဖြင့် တရားစွဲဆိုခံရ

ဟောင်ကောင်ရှိ ဒီမိုကရေစီ လိုလားသော အဖွဲ့တစ်ခု၏ အဖွဲ့ဝင်သုံးဦးသည် “ပြည်ပ အေးဂျင့်” အဖြစ် လုပ်ဆောင်နေသည်ဟု စွပ်စွဲခံရပြီးနောက် ယခုအခါ ဗဟိုအစိုးရအာဏာထိပါးမှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

Hong Kong Alliance အဖွဲ့သည် ၁၉၈၉ သွေးမြေကျခဲ့သည့် တီယန်မင်ရင်ပြင် ဖြိုခွင်းနှိမ်နင်းမှုအတွင်း သေဆုံးခဲ့သူများအတွက် ဟောင်ကောင်၏ တစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် နာမည်ကျော် ဆုတောင်းပွဲတစ်ခုကို စီစဥ်မှုအတွက် လူသိများသည်။

အဖွဲ့၏ ဥက္ကဋ္ဌ လီ ချောက်ယန်းနှင့် ဒုဥက္ကဋ္ဌ များဖြစ်ကြသည့် အယ်ဘာ့တ် ဟို နှင့် ချိုး ဟန်တန်း တို့သည် စက်တင်ဘာ ၉ ရက်က တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ပြောသည်။

အဆိုပါ Hong Kong Alliance အဖွဲ့သည်လည်း တရားစွဲခံထားရပြီး ငွေကြေးပြစ်ဒဏ်များ ချမှတ်ခံထားရသည်။

တရုတ်တို့ ယမန်နှစ်က ဟောင်ကောင်တွင် ပြဋ္ဌာန်းထားခဲ့သည့် အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေသစ်အောက်တွင် ယခု ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ လီနှင့် မစ္စတာ ဟိုတို့သည် ၂၀၁၉ ခုနှစ်က တရားဝင်ခွင့်ပြုချက်မရသည့် စုဝေးပွဲများတွင် ပါဝင်ခဲ့သည့် ၎င်းတို့၏ အခန်းကဏ္ဍများအတွက် လက်ရှိအချိန်တွင် ထောင်ဒဏ်ပြစ်ဒဏ်များ ကျခံနေရလျက် ရှိသည်။

လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်သည့် မစ္စ ချိုးသည် ယခုမတိုင်မီ ယခုနှစ်အစောပိုင်းက ဖမ်းဆီးခံခဲ့ရပြီး တရားဝင်ခွင့်ပြုချက်မရသည့် စုဝေးမှုကို အားပေးလုပ်ဆောင်ခဲ့မှုအတွက် စွဲချက်တင်ခံခဲ့ရသည်။ ယင်းမတိုင်မီက သူမသည် တီယန်မင်ရင်ပြင် နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်ကြရန် လူများကို တိုက်တွန်းကြောင်း ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ခဲ့သည်။ ယင်းနောက် သူမသည် အာမခံဖြင့် ပြန်လွတ်ထားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အာမခံ ငြင်းဆန်ခံထားရသည်။

Hong Kong Alliance အဖွဲ့အနေဖြင့် ယင်း၏ ဘဏ္ဍာရေး စာရင်းဇယားများ၊ အဖွဲ့တည်ထောင်ပြီးနောက် အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်များကဲ့သို့ သတင်းအချက်အလက်များကို လွှဲပြောင်းတင်ပြရမည်ဖြစ်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့၏ အမျိုးသားလုံခြုံရေးဌာနတစ်ခုက ကနဦးက တောင်းဆိုထားခဲ့သည်။

ထို တောင်းဆိုချက်အတွက် သတ်မှတ်ထားသည့် deadline နေ့ဖြစ်သည့် စက်တင်ဘာ ၇ ရက်တွင် အဆိုပါ Hong Kong Alliance အဖွဲ့ဝင်များက ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ကြောင်း တုံ့ပြန်ပြီး ၎င်းတို့ ငြင်းဆန်ရသည့် အကြောင်းရင်းကို ရှင်းပြထားသည့် စာတစ်စောင်ကိုသာ တင်သွင်းခဲ့သည်။

နောက်တစ်နေ့ မနက်ပိုင်းတွင် ရဲများက Hong Kong Alliance အဖွဲ့၏ အမြဲတမ်းကော်မတီ အဖွဲ့ဝင် ငါးဦးကို ၎င်းတို့၏ နေအိမ်များ သို့မဟုတ် ရုံးများတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက် သုံးဦးမှာ ဗဟိုအစိုးရအာဏာထိပါးမှုဖြင့် စွဲဆိုခံခဲ့ရသလို ငါးဦးစလုံးသည် သတင်းအချက်အလက် တောင်းခံသည့် ပန်ကြားချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအတွက်လည်း စွဲချက်တင်ခံခဲ့ရသည်။ အားလုံးက ၎င်းတို့တွင် အပြစ်မရှိကြောင်း ထွက်ဆိုထားကြသည်။ “ကျွန်တော်က ပြည်ပအေးဂျင့်တစ်ဦး မဟုတ်သလို ဘာအပြစ်မှလည်း လုပ်မထားပါဘူး” ဟု Alliance အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တန် ငေါ့ခ်ကွမ်က တရားရုံးကို ပြောခဲ့သည်။

စက်တင်ဘာ ၁၀ ရက်တွင် အဆိုပါ အုပ်စု၏ အဖွဲ့ဝင်များအတွက် အာမခံလျှောက်ထားမှုကို တရားသူကြီး ပီတာ လောက ပယ်ချခဲ့သည်။ ဥပဒေအရ ပန်ကြားတောင်းဆိုမှုအတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူများအနေဖြင့် ထောင်ဒဏ် ခြောက်လ နှင့် ငွေဒဏ် ဟောင်ကောင်ဒေါ်လာ ၁၀၀,၀၀၀ ကျခံရနိုင်သည်ဟု ရဲများက ပြောထားသည်။

Hong Kong Alliance အဖွဲ့အစည်း၏ ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၂ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို ဟောင်ကောင်ရဲတပ်ဖွဲ့၏ အမျိုးသားလုံခြုံရေးဌာနက ပိတ်ပင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly