တောင်တွင်းကြီးတွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ညီအစ်ကို ၂ ဦးသေဆုံး

တောင်တွင်းကြီးတွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ညီအစ်ကို ၂ ဦးသေဆုံး

 စက်တင်ဘာ ၁၄ ရက်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်း (ရွာမ) ရွာတွင် စက်တင်ဘာ ၁၂ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ညီအစ်ကိုနှစ်ဦးသေဆုံးခဲ့ပြီး လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် တောင်လျောင်းကျေးရွာသို့ စစ်သား၊ ရဲနှင့် အရပ်ဝတ်များက ဝင်ရောက်လာပြီး ကျေးရွာလူငယ် ခေါင်းဆောင် ကိုမြတ်စိုး၏ နေအိမ်သို့ ဝင်ရောက်စီးနင်းကာ အသက် ၄ဝ အရွယ် ကိုမြတ်စိုးနှင့် ၎င်း၏ ညီဖြစ်သူ အသက် ၂ဝ အရွယ် ကိုပြေကြီးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒလန်၏ သတင်းပေးမှုကြောင့် ကိုမြတ်စိုးထံ စစ်ကောင်စီတပ်သားများ ရောက်လာခဲ့ခြင်းဖြစ်ပြီး ပေါင်တွင် ကျည်ဆန် နှစ်ချက် ထိမှန်ထားသည့် ကိုမြတ်စိုးအား ကာကွယ်ပေးခဲ့သည့် ကိုပြေကြီးကို စစ်ကောင်စီတပ်များက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

ကိုမြတ်စိုးသည် အခင်းဖြစ်ပွားရာ ၎င်း၏ နေအိမ်တွင် အသက်ရှင်လျက်နှင့်ပင် စစ်ကောင်စီတပ်များ၏ ရိုက်နှက်စစ်ဆေးမေးမြန်ပြီးမှုကို ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒေသခံ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့နှင့် ပတ်သက်သည့် သတင်းတစ်စုံတစ်ရာ မကြားရသေးကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် စက်တင်ဘာ ၁၃ ရက်တွင် တောင်လျောင်းရွာသို့ စစ်ကောင်စီတပ်သားများ ထပ်မံ ဝင်ရောက်လာပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“စက်တင်ဘာ ၁၃ ရက်က ရွာကို အကြမ်းဖက်စစ်တပ်ရောက်ရှိလာပြီး သူတို့လိုချင်တဲ့သူကို မရရင် အသက်၁၅နှစ်အထက် လူငယ်တွေကို ဖမ်းဆီးမယ်။ ရွာကိုမီးရှို့မယ်လို့လည်း ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့ ရွာမှာ တကယ့်ကို အခက်အခဲဖြစ်နေပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်ဖမ်းဆီးခြိမ်းခြောက်မှုများကြောင့် ဒေသခံများက တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စက်တင်ဘာလ ၁၂ ရက် မနက်အစောပိုင်းက တောင်လျောင်းရွာနှင့် ကပ်လျက် ကုက္ကိုကုန်းရွာအနီးရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် ဖောက်ခွဲခံခဲ့ရသည့်အတွက် တောင်းလျောင်းရွာသို့ စစ်ကောင်စီတပ်များက မကြာခဏ ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိုင်တဲလ်တာဝါတိုင်ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်နှင့် ရဲများက ဗိဿနိုး PDF အဖွဲ့ဝင် မဟုတ်သည့် လူငယ် နှစ်ဦးကို သတ်ဖြတ်ကာ လေးဦးကို ဖမ်းဆီးသွားခဲ့သည့်အပေါ် မိသားစုနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်းနှင့် သူရဲကောင်းကြယ်ပွင့်များအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဗိဿနိုး PDF က ထုတ်ပြန်ထားသည်။

တော်လှန်ရေးစိတ်ဓာတ် တူညီသည့် ပြည်သူ့ရဲဘော်ရဲဘက်များအတွက် သွေးကြွေးပြန်ဆပ်သွားမည်ဟု ကတိသစ္စာပြုကြောင်းနှင့် စစ်အာဏာရှင်ပြုတ်ကျရေး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း ဗိဿနိုး PDF က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required