ထိုင်ဝမ်သမ္မတက ပြည်တွင်းထုတ် ရေတပ်စစ်သင်္ဘောကို တပ်တော်သွင်း

By Yahoo/ AP
13 September 2021
ထိုင်ဝမ်သမ္မတက ပြည်တွင်းထုတ် ရေတပ်စစ်သင်္ဘောကို တပ်တော်သွင်း

ထိုင်ဝမ်၏ ပြည်တွင်းထုတ် ရေတပ်စစ်သင်္ဘောသစ်တစ်စင်း တပ်တော်ဝင်မှု အခမ်းအနားတစ်ရပ်ကို စက်တင်ဘာ ၉ ရက်က ကျင်းပခဲ့ရာတွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ယင်းသည် တရုတ်နှင့်အကြား တင်းမာမှု မြင့်တက်နေစဥ် ပြည်တွင်းထုတ် ကာကွယ်ရေးလုပ်နိုင်စွမ်း တိုးမြှင့်မည့် ထိုင်ဝမ်ကျွန်း၏ အစီအစဥ် တစိတ်တဒေသလည်း ဖြစ်သည်။

ထိုင်ဝမ်ကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်းရှိ Su’ao ရှိ ရေတပ်အခြေစိုက်စခန်းတစ်ခုတွင် သမ္မတ ဆိုင်က မိန့်ခွန်းပြောကြားရာတွင် မည်ကဲ့သို့ အခက်အခဲများ တွေ့ရှိပါစေ၊ မိမိတို့၏ အမျိုးသား စစ်ဘက်ကာကွယ်ရေးပိုင်းတွင် အမှီအခိုကင်းပြီး ရပ်တည်လာနိုင်သည့် လမ်းကြောင်းကို ယခု ပြည်တွင်းထုတ် စစ်သင်္ဘောက ပြသနေကြောင်းနှင့် မိမိတို့အနေဖြင့် အခက်အခဲများကို တစ်ခုပြီး တစ်ခု ကျော်လွှားနိုင်သည်ကို ပြသနေကြောင်း ပြောခဲ့သည်။

တာကျန်းအဖြစ် သိရပြီး ‘carrier killer’ ဟု အမည်ပြောင်ပေးထားသည့် ထိုစစ်သင်္ဘောကို ထိုင်ဝမ် ကုမ္ပဏီတစ်ခုဖြစ်သည့် Lung Teh သင်္ဘောတည်ဆောက်မှုကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသင်္ဘောတွင် လေကြောင်းရန် ကာကွယ်မှု လုပ်နိုင်စွမ်းများ ရှိသလို သင်္ဘောဖျက်ဒုံးများ သယ်‌ဆောင်နိုင်ရန် အထူးဒီဇိုင်းထုတ် တည်ဆောက်ထားသည်။

ယင်းသည် ရေတပ်က တပ်တော်ဝင်မည့် ယင်းကဲ့သို့ အမျိုးအစား စစ်သင်္ဘော ခြောက်စင်းအနက် ပထမဆုံးတစ်စင်းလည်း ဖြစ်သည်။

သမ္မတ ဆိုင်သည် ထိုင်ဝမ်၏ ပြည်တွင်း ကာကွယ်ရေးလုပ်ငန်းကို ဦးစားပေးကိစ္စတစ်ခုအဖြစ် တိုးမြှင့်လုပ်ဆောင်ထားသည်။ သူမသည် လေ့ကျင့်ရေးဂျက်လေယာဥ်သစ်များ ထုတ်လုပ်မှုနှင့်အတူ စစ်ဘက် လေကြောင်းလုပ်ငန်းကို တွန်းအားပေးလုပ်ဆောင်ထားစေခဲ့သလို ထိုင်ဝမ်ကျွန်း၏ အဆင့်မြင့် နည်းပညာလုပ်ငန်းများကို အသုံးချပြီး ပိုမိုခေတ်မီအဆင့်မြင့်သည့် စနစ်များ ထုတ်လုပ်ရန် သူမက တိုက်တွန်းထားသည်။

ယင်းအပြင် ထိုင်ဝမ်သည် လေးနှစ်ကြာ သုတေသနနှင့် ဒီဇိုင်းထုတ်မှု လုပ်ဆောင်ပြီးနောက် ယင်း၏ ကိုယ်ပိုင် ရေငုပ်သင်္ဘောကို လက်ရှိအချိန်တွင် တည်ဆောက်လျက် ရှိသည်။ ပေကျင်းသည် ထိုင်ဝမ်အပေါ် ပြီးခဲ့သည့်နှစ်များအတွင်း စီးပွားရေးနှင့် သံတမန်ရေးရာ ခြိမ်းခြောက်မှုများ အသုံးပြုပြီး ယင်းကဲ့သို့‌သော ရေယာဥ်များ ပြည်ပကနေ ဝယ်ယူ၍ မရစေရန် အောင်မြင်စွာ ပိတ်ဆို့ခဲ့ပြီးနောက် ထိုင်ဝမ်သည် ယင်းဘာသာ တည်ဆောက်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်က ထိုင်ဝမ်သည် ယင်း၏ နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ပြောထားသည်။ သို့သော် နှစ်ဘက်စလုံးသည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်တစ်ခုနောက်ပိုင်း သီးခြားစီ အုပ်ချုပ်ထားခဲ့ကြသည်။ ပေကျင်းက ယင်းအနေဖြင့် ထိုင်ဝမ်နှင့်အကြား “ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်း” ရန် ကြိုးပမ်းမည်ဟု လူသိရှင်ကြား ပြောထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ထိုင်ဝမ်သမ္မတ ဆိုင် စစ်သင်္ဘောသစ် တပ်တော်ဝင်စေမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရာတွင် ထိုင်ဝမ်၏ ခွဲထွက်ရေး အင်အားစုများအနေဖြင့် တရုတ်ပြည်မကြီးကို ထိပ်တိုက်ရင်ဆိုင်ရန် စစ်ရေးနည်းလမ်း အသုံးပြုရန်မှာ ဖြစ်နိုင်စရာ အကြောင်းမရှိဟု ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ထိုင်ဝမ်သည် ပေကျင်းဘက်မှ အနှောင့်အယှက်ပေးမှုနှင့် တိုးမြင့် ရင်ဆိုင်ထားခဲ့ရပြီး ပေကျင်းသည် နေ့စဥ်နီးပါးဆိုသလို ထိုင်ဝမ်ကျွန်းအနားသို့ ယင်း၏ တိုက်လေယာဥ်များကို စေလွှတ်ပျံသန်းထားစေခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ် (PLA) သည် ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေးစစ်ဆေးမှုဇုန်၏ အနောက်တောင်ဘက်ပိုင်းဆီသို့ တိုက်လေယာဥ် ၁၉ စင်း စေလွှတ်ခဲ့သည်ဟု ထိုင်ဝမ်၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက PLA သည် တိုက်လေယာဥ်များ၊ ရေငုပ်သင်္ဘောဖျက် လေယာဥ်နှင့် တိုက်ခိုက်ရေးသင်္ဘောများနှင့်အတူ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly