အိမ်ထောင်စုစာရင်းများ တစ်ပတ်အတွင်း လာပြရန် စမ်းချောင်းတွင် လိုက်လံ‌ကြေညာ

By ဂျာမုန်း
13 September 2021
အိမ်ထောင်စုစာရင်းများ တစ်ပတ်အတွင်း လာပြရန် စမ်းချောင်းတွင် လိုက်လံ‌ကြေညာ

စက်တင်ဘာ ၁၃

အိမ်ထောင်စုစာရင်းများကို ရပ်ကွက်ရုံးသို့ တစ်ပတ်အတွင်း လာပြရန် နှင့် ဧည့်စာရင်းတိုင်ရန် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်း လိုက်လံကြေညာခဲ့သည်။

ယနေ့ စက်တင်ဘာ ၁၂ရက် ည ၇နာရီခန့်က စမ်းချောင်းမြို့နယ်ရှိ လမ်းများအတွင်း ကားဖြင့်လှည့်လည်ကာ တစ်လမ်းဝင် တစ်လမ်းထွက် ကြေညာခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းတွင် နေထိုင်သူများက ပြောသည်။

ထိုကြေညာချက်တွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ အိမ်ထောင်စုစာရင်းများအား သက်ဆိုင်ရာရပ်ကွက်ရုံးသို့ တင်ပြရမည်ဟု ဆိုသည်။

ယင်းအပြင် နေအိမ်တွင် ဧည့်သည်ရှိပါက ဧည့်စာရင်းလာရောက်တိုင်ကြားရန်လည်း အသိပေးထားသည်။

ရပ်ကွက်ထဲရှိ လမ်းတချို့၌လည်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်အချို့ လာရောက်ကာ ဧည့်စာရင်းဝင်စစ်သွားကြောင်း ရပ်ကွက်နေသူများက ဆိုသည်။

ပုံစာ- စမ်းချောင်းမြို့ ဗဟိုလမ်းအနီး စက်တင်ဘာ ၁၀ ရက်က စစ်ကောင်စီတပ်များ စစ်ဆေးမှုများ ပြုလုပ်နေစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required