ဖျက်ဆီးခံရသည့် Mytel တာဝါတိုင်ကို သွားရောက်ကြည့်ရှုသည့် စစ်ကောင်စီကား မိုင်းခွဲခံရ၊ စစ်ကောင်စီတပ်က ရွာသား ၂ဦးကိုပစ်သတ်

ဖျက်ဆီးခံရသည့် Mytel တာဝါတိုင်ကို သွားရောက်ကြည့်ရှုသည့် စစ်ကောင်စီကား မိုင်းခွဲခံရ၊ စစ်ကောင်စီတပ်က ရွာသား ၂ဦးကိုပစ်သတ်

စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် တစ်ညတည်း Mytel တာဝါတိုင် ခုနှစ်တိုင် ဖျက်ဆီးခံခဲ့ရပြီး ပျက်စီးသွားသည့် တာဝါတိုင်များကို သွားရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ယနေ့ စက်တင်ဘာ ၁၁ရက် မနက် ၁၁ နာရီ အချိန်က

အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကားနှစ်စီးဖြင့် သွားရောက်ကြည့်ရှုပြီး အပြန်တွင် ဒေသခံ PDF မှမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီကား မိုင်းခွဲခံရပြီးနောက် အပြန်လမ်းတွင် ပြည်သူ နှစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

" မိုင်းဆွဲခံရတော့ သေနတ်တွေ ရမ်းသမ်းပစ်တယ်။ ပြီးတော့ ခင်ဦးကနေ သွားကြိုတဲ့ကားနဲ့ သုံးစီးပြန်လာတယ်။ အပြန်မှာ လမ်းက ရွာသားနှစ်ဦးကို သေနတ်နဲ့ပစ်ပြီး ကားပေါ်တင်သွားတယ်၊ ဆေးရုံမှာလည်းမရှိဘူးတဲ့။ သူတို့အလောင်းဖျောက်လိုက်လား မသိဘူး " ဟု ‌၎င်းက ဆိုသည်။

PDF ဘက်မှ မိုင်းတစ်လုံးသာ ဖောက်ခွဲခွင့်ရခဲ့သည့်အတွက် ကားတစ်စီးသာ ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ ယနေ့တွင် စစ်ကောင်စီတပ်များက ရေဦးမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံရသည့် တာဝါတိုင်များကို ကြည့်ရှု့စစ်ဆေးမှုများ ပြုလုပ်နေပြီး လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးပစ်ခတ်မှုများ ရှိနေသည်။

စစ်အုပ်စုပိုင် Mytel တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင် ခုနှစ်ခုကို ဒေသကာကွယ်ရေးတပ် ခင်ဦးမြို့ PDF က ယမန်နေ့ ညတွင် မီးရှို့ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ကြေညာထားသည်။

Mytel ဝါတိုင်များ ဖောက်ခွဲဖျက်ဆီး ခံနေရသည့်အတွက် Mytel နှင့် MPT ဆက်သွယ်ရေးတာဝါတိုင်များကို အဓိက ဦးစားပေး လုံခြုံရေးဆောင်ရွက်ရန် အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly