ထိုင်းရဲ့ ‘sandbox’ စီမံချက်အရ ဘန်ကောက်ကို ခရီးသွားဧည့်သည်တွေအတွက် အောက်တိုဘာမှာ ပြန်ဖွင့်မယ် 

ထိုင်းရဲ့ ‘sandbox’ စီမံချက်အရ ဘန်ကောက်ကို ခရီးသွားဧည့်သည်တွေအတွက် အောက်တိုဘာမှာ ပြန်ဖွင့်မယ် 
Photo - AFP

စက်တင်ဘာ ၁၁

COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးတဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ဝင်ရောက်ခွင့်ပြုတဲ့ ထိုင်းနိုင်ငံရဲ့ အစပျိုး ‘sandbox’ စီမံချက်အရ ဇူလိုင်လကစလို့ ဖူးခက်အပန်းဖြေကျွန်းကို ဖွင့်လှစ်ထားပြီးပြီဖြစ်ကာ အောက်တိုဘာလမှာ ဘန်ကောက်နဲ့ အခြား ပြည်နယ်လေးခုကိုပါ ဖွင့်လှစ်ဖို့ စီစဉ်စိုင်းပြင်းနေပါတယ်။ 

‘sandbox’ စီမံချက်အရ ခရီးသွားဧည့်သည်တွေဟာ ဆိုက်ရောက်လာပြီး COVID-19 စမ်းသပ်ပြီးတာနဲ့ သီတင်းနှစ်ပတ် ဟိုတယ်ကွာရန်တင်း ဝင်ရမယ့်အစား သတ်မှတ်ဧရိယာတစ်ခုမှာ ခုနစ်ရက်ပဲ နေကြရတော့တာ ဖြစ်ပါတယ်။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံအနေနဲ့ ကပ်ဘေးကြောင့် ဒုက္ခဖိစီးနေတဲ့ ခရီးသွားလုပ်ငန်းကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းနေရတာကြောင့် အောက်တိုဘာမှာ ဘန်ကောက်ကို ကာကွယ်ဆေး အပြည့်ထိုးပြီးတဲ့ ဧည့်သည်တွေအတွက် ဖွင့်လှစ်သွားဖို့ စီစဉ်နေကြောင်း တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။ 

COVID ကပ်ဘေး မတိုင်ခင်က ခရီးသွားလုပ်ငန်းကနေ ထိုင်းနိုင်ငံဟာ နိုင်ငံဝင်ငွေရဲ့ ငါးပုံတစ်ပုံကို ရရှိနေခဲ့တာ ဖြစ်ပေမယ့် ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် တင်းကြပ်တဲ့ ခရီးသွားပိတ်ပင်ချက်တွေကြောင့် ပုံမှန် စီးဝင်နေကြ ဧည့်ဦးရေဟာ လုံးဝမရှိတော့သလောက်နီးပါး လျော့ပါးကျဆင်းသွားခဲ့ပါတယ်။ ဒီအတွက် နိုင်ငံရဲ့ စီးပွားရေးဟာ နှစ် ၂၀ အတွင်းမှာ အဆိုးဆုံး ကြုံနေခဲ့ရတာပဲ ဖြစ်ပါတယ်။ 

Delta ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့် အသေအဆုံးများတဲ့ ကူးစက်မှု တတိယလှိုင်း ကြုံနေရပေမယ့်လည်း ဘန်ကောက်ကို ဧည့်သည်တွေအတွက် ပြန်ဖွင့်ရေးကို ဘုရင့်နိုင်ငံအနေနဲ့ ဖိဖိစီးစီး စီစဉ်ဆောင်ရွက်နေတော့တာ ဖြစ်ပါတယ်။ 

အောက်တိုဘာ ၁ ရက်က စပြီး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးတဲ့ နိုင်ငံခြားသားတွေဟာ ဘန်ကောက်နဲ့ အခြား ပြည်နယ် လေးခုဆီ ဟိုတယ်ကွာရန်တင်း နှစ်ပတ်နေထိုင်စရာမလိုဘဲ လာရောက်လည်ပတ်နိုင်တော့မှာဖြစ်တယ်လို့ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ 

ဒါအပြင် ချင်းမိုင်၊ ချောင်ဘူရီ၊ ပတ်ချာဘူရီနဲ့ ပရာချူအပ်ခီရီခန်းပြည်နယ်တွေ အပါအဝင် နယ်မြေဧရိယာ ငါးခုကို ‘sandbox’ စီမံချက်အတိုင်း ဆက်လက်ဖော်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်။ 

အောက်တိုဘာလ နောက်ပိုင်းမှာ ချင်းရိုင်၊ ဆူခိုထိုင်းနဲ့ ရေပန်းစားတဲ့ ရယောင်း ပင်လယ်ကမ်းခြေတွေအပါအဝင် ခရီးသွားနေရာ ၂၁ နေရာကို ဖွင့်လှစ်တဲ့ စာရင်းမှာ ထပ်မံဖြည့်သွင်းသွားဖို့ ရှိနေပါတယ်။ 

ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ လူအသေအဆုံးများတဲ့ COVID-19 တတိယလှိုင်းက အရှိန်မကျသေးတာမို့ အစီအစဉ်ဟာ အပြောင်းအလဲ ရှိနိုင်တယ်လို့ ခရီးသွားလုပ်ငန်းအေဂျင်စီက သတိပေးပြောဆိုထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly