COVID-19 ကာကွယ်ဆေး ကလေးငယ်တွေအပေါ် စမ်းသပ်မှုကို တရုတ် Sinovac ကုမ္ပဏီက တောင်အာဖရိကမှာ ပြုလုပ် 

COVID-19 ကာကွယ်ဆေး ကလေးငယ်တွေအပေါ် စမ်းသပ်မှုကို တရုတ် Sinovac ကုမ္ပဏီက တောင်အာဖရိကမှာ ပြုလုပ် 
Photo - AFP

စက်တင်ဘာ ၁၁

ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေအပေါ် သုတေသနပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေး အဓိက စမ်းသပ်မှုအဆင့်ကို တရုတ်ဆေးဝါးထုတ်လုပ်ရေး Sinovac Biotech ကုမ္ပဏီက ဦးဆောင်ပြီး တောင်အာဖရိကနိုင်ငံမှာ သောကြာနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။ 

ပထမဆုံး ပါဝင်တဲ့ ကလေးငယ်နှစ်ဦးကို ကာကွယ်ဆေး ထိုးနှံပေးပြီး ကမ္ဘာလုံးဆိုင်ရာ ကလေးများနှင့် ဆယ်ကျော်သက်များအတွက် COVID-19 ကာကွယ်ဆေး သုတေသနစမ်းသပ်မှုကို မြို့တော် ပရီတိုးရီးယားမှာ ပြုလုပ်တာပဲ ဖြစ်ပါတယ်။ 

အခု သုတေသနကို ချီလီ၊ ကင်ညာ၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အခု နောက်ဆုံး တောင်အာဖရိကမှာ ဆောင်ရွက်နေတာ ဖြစ်ပြီး ခြောက်လသားကနေ ၁၇ နှစ်အရွယ်ကြား ကလေးငယ် ၁၄၀၀၀ ကို Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေး နှစ်လုံး ထိုးပေးပြီး ထိရောက်အစွမ်းထက်မှုကို စမ်းသပ်နေလျက် ရှိတာပါ။ 

CoronaVac ကာကွယ်ဆေးကို အရွယ်ရောက်ပြီးသူတွေကြား သုံးစွဲထိုးနှံပေးဖို့ နိုင်ငံပေါင်း ၅၀ ကျော်က ခွင့်ပြုထားပါတယ်။ အသက် သုံးနှစ်ကနေ ၁၇ နှစ်ကြား ကလေးငယ် သန်းပေါင်းများစွာကို ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်တဲ့ တရုတ်နိုင်ငံဟာ အခု ကာကွယ်ဆေးကို အသက် မပြည့်သေးသူတွေအတွက်လည်း သုံးစွဲနိုင်ကြောင်း မကြာသေးခင်က ရှင်းလင်းကြေညာခဲ့တာပါ။ 

အသက် ၁၈ အောက်တွေအထိ ကာကွယ်ဆေး ထိုးမပေးနိုင်သေးတဲ့ တောင်အာဖရိကနိုင်ငံဟာ မြို့တော်က Sefako Makgatho Health Science University ရဲ့ နေသာတဲ့ ပရိဝုဏ်အတွင်းမှာ အခု သုတေသနကို စတင်စမ်းသပ်မှု ပြုလာတာပဲ ဖြစ်ပါတယ်။ 

“ကလေးငယ်တွေမှာ ရောဂါပြတာမျိုးက တော်တော်လေး ပျော့ပြီး သိပ်ပြီး မပြင်းထန်တာကို ကျွန်မတို့ မြင်ကြတွေ့ကြပေမယ့် ခံနိုင်စွမ်းရည် နည်းသူတွေအဖြစ် ကလေးငယ်တွေဟာ ဆက်ရှိနေဆဲပဲ ဖြစ်ပါတယ်”လို့ သုတေသနစမ်းသပ်မှု အခမ်းအနားမှာ စီမံကိန်းဒါရိုက်တာ န်နက်အက်စပင်နယ်က သတင်းထောက်တွေကို ပြောပါတယ်။ 

“ကလေးတွေဟာ ကူးစက်ခံနေရပါတယ်၊ ဒါကြောင့် ကလေးတွေဟာ ကျန်သူတွေဆီ ဗိုင်းရပ်စ် သယ်ဆောင်လာနိုင်ပါတယ်”ဆိုပြီး သူက ရှင်းပြပြီး အခု တရုတ် ကာကွယ်ဆေးက ဘေးကင်းကြောင်း အာမခံပြု ပြောဆိုပါတယ်။ 

အမေရိကန်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Pfizer နဲ့ Moderna တို့ကလည်း ၎င်းတို့ရဲ့ ကာကွယ်ဆေးတွေကို ကလေးငယ်တွေမှာ စမ်းသပ်တာတွေ လုပ်ဆောင်နေပြီး ဒီအတွက်ကြောင့် နိုင်ငံအချို့ဟာ ကာကွယ်ဆေး ထိုးနှံပေးတဲ့ အသက်အရွယ်ကို ပြောင်းလဲပြီး ကလေးသူငယ်နဲ့ ဆယ်ကျော်သက်တွေကိုပါ ထိုးနှံခွင့် ပြုလာကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly