ပျောက်ဆုံးနေခဲ့သော ရွှေဘိုက မိတ်ကပ်ပညာရှင်ကို ၃ ရက်အကြာတွင် ရုပ်အလောင်းတွေ့ရှိ

By ယမုံ
10 September 2021
ပျောက်ဆုံးနေခဲ့သော ရွှေဘိုက မိတ်ကပ်ပညာရှင်ကို ၃ ရက်အကြာတွင် ရုပ်အလောင်းတွေ့ရှိ

စက်တင်ဘာ၁၀ရက်

သုံးရက်ကြာပျောက်ဆုံးနေခဲ့သော ရွှေဘိုမြို့မှ မိတ်ကပ်အလှပြင်ပညာရှင်၏ ရုပ်အလောင်းကို ရေအိုင်တစ်ခုတွင် တွေ့ရှိခဲ့ကြပြီး ဓားဖြင့်ထိုးခံထားရ ဟန်ရှိသည့် ဒဏ်ရာတွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေများ အပြောအရ သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင်ကွက်သစ်ရပ်နေ အသက် ၂၂ နှစ်အရွယ် LGBT တစ်ဦးဖြစ်သူ မြင့်မြတ်အောင်(ခ)မပိုးပိုးဟန်သည် စက်တင်ဘာ ၆ရက် နံနက် ၁၀ နာရီတွင် နေအိမ်မှ ထွက်သွားခဲ့ပြီး ပြန်မရောက်လာသဖြင့် မိသားစု ဝင် တစ်ဦးက ရဲစခန်းတွင် လူပျောက်မှုဖြင့် တိုင်ချက်ဖွင့်ခဲ့သည်။

စက်တင်ဘာ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ၎င်း၏ ရုပ်အလောင်းကို စက်တင် ဘာ ၉ရက် နေ့လည်ပိုင်းတွင် ရေဦးလမ်းထွက် ဥသျှစ်ကန်နားရှိ ကျွန်းတောထဲ က ရေအိုင်၌ မှောက်လျက်အနေအထားဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ရေအိုင်သို့ ဖားရှာထွက်သည့် ကလေးတစ်ဦးက အပုပ်နံ့ရ၍ အနီးနားမှ သူများ နှင့်အတူ သွားကြည့်ရာက ဦးခေါင်းတွင် တာယာကွင်းစွပ်ခံထားရပြီး နောက်ကျောတွင် ဓားထိုးသွင်းဒဏ်ရာ တစ်ခု၊ လည်ပင်းညှစ်ခံထားရပုံရသည့် ဒဏ်ရာတို့ရှိနေသော ရုပ်အလောင်းကို မြင်တွေ့ခဲ့ရသည်ဟု ၎င်း၏ မိတ်ဆွေ တစ်ဦးက မဇ္ဈိမသို့ပြောသည်။

သို့သော် မပိုးပိုးဟန်စီးနင်းသွားခဲ့သည့် မော်တော်ဆိုင်ကယ်နှင့်အတူ လက်ကိုင် ဖုန်း၊ နားကပ်နှင့် ၎င်းယူဆောင်သွားသည့် ငွေကျပ်တစ်သိန်းကျော် ပျောက်ဆုံး နေသည်ဟုဆိုသည်။

ရုပ်အလောင်းကို စက်တင်ဘာ ၉ ရက်နေ့တွင်ပင် သဂြိုလ်ခဲ့ပြီး ရွှေဘိုရဲကပင် အမှုဖွင့်တရားလိုလုပ်ကာ ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။

မပိုးပိုးဟန်သည် အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly