စက်တင်ဘာ ၁၀
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုဘက်ကို အမြန်ဆုံးရပ်တည်လာပေးရန် NUG ၏ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က စက်တင်ဘာ ၉ ရက်တွင် တိုက်တွန်းပြောဆိုလိုက်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန စသည့် ဌာနအသီးသီးမှ ဝန်ထမ်းများကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်များဆက်ထမ်းဆောင်ပြီး ရာဇဝတ်မှုများ ဆက်ကျူးလွန်နေမည်ဆိုပါက ပြည်သူ့တော်လှန်ရေးတိုက်ပွဲအတွင်း ရန်သူအဖြစ်တိုက်ခိုက်ချေမှုန်းရမှာဖြစ်ပြီး တော်လှန်ရေးပြီးဆုံးချိန်တွင်လည်း တရားဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက သတိပေးပြောကြားလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတကြီး ဒူဝါလရှီးလကလည်း ခုခံတွန်းလှန်ကြရန် ကြေညာပြီးဖြစ်၍ ဝန်ထမ်းများအနေဖြင့် စစ်အုပ်စု၏ လက်ကိုင်တုတ်၊ လက်ပါးစေဘဝသို့ ကျရောက်မသွားစေရေးနှင့် လူထုအပေါ် သစ္စာမဖောက်မိစေရေးတို့အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားထုတ်ရန်တိုက်တွန်းထားသည်