မြောင်မြို့တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး

မြောင်မြို့တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး

စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ နေရာ၂ ခုတွင် စက်တင်ဘာ ၈ ရက်မနက် ၁ဝ နာရီမှ ညနေ ၄ နာရီအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ ၁၂ ဦးသေဆုံးကာ ရဲစခန်း တစ်ခု မီးလောင်သွားကြောင်း CDSOM အဖွဲ့က ယနေ့ စက်တင်ဘာ ၉ ရက် တွင် ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်အတွင်းရှိ မြစ်ဆုံကျေးရွာနှင့် နဘက်စံပြကျေးရွာအနီးတွင် အပြန်အလှန်ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ခဲ့ပွားပြီး တိုက်ပွဲကြာချိန် ၆နာရီခန့်ရှိခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)၊ 27 Revolution Force ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့နှင့် PDF-Taloke တို့ဘပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြောင်မြို့နယ် မြစ်ဆုံကျေးရွာတွင်ဖြစ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ခြင်းကြောင့် လက်နက်ကြီးများနှင့် အချက် ၄ဝ ကျော်ပစ်ခတ်ခဲ့ရာ ရွာတွင် ဒေသခံများရှိနေသည့်အတွက် နောက်ဆုတ် ပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များက အဆိုပါ ကျေးရွာတွင် တပ်စွဲခဲ့ပြီး ညနေ ၃ နာရီခန့်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ထပ်မံကျဆုံးခဲ့ကြောင်း CDSOM အဖွဲ့ထံမှ သိရသည်။

ကျောက်ရစ်ကျေးရွာ ရဲစခန်းဘက်တွင် စခန်းမှူးနှင့် အပေါင်းအပါများအား အညံ့ခံစေပြီး စခန်းကို သိမ်းပိုက်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့များက ကား သုံးစီးဖြင့် ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးထပ်မံသေဆုံးခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် ညနေ ၄ နာရီခန့်တွင် နဘက်စံပြကျေးရွာရှိ ရဲစခန်းကို မီးရှို့ခဲ့ကြောင်း CDSOM အဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Photo-CDSOM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly