လာမည့်အပတ်တွင် ၎င်း၏အနာဂတ်ကို ထုတ်ဖော်ပြောကြားမည်ဟု ဂွါဒီယိုလာ ဆို

လာမည့်အပတ်တွင် ၎င်း၏အနာဂတ်ကို ထုတ်ဖော်ပြောကြားမည်ဟု ဂွါဒီယိုလာ ဆို

ဒီဇင်ဘာ ၁၆၊ မြူးနစ် ။          ။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာက အနာဂတ်တွင် ၎င်းဘယ်အသင်းတွင် ရှိနေမည်ကို လာမည့်အပတ်တွင် ထုတ်ဖော်ပြောကြားမည်ဖြစ်ကြောင်း ပြောဆိုလိုက် သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဂွါဒီယိုလာသည် ယခုနှစ်ရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ၎င်းကို မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့က ခေါ်ယူရန် အလိုရှိနေကြသည်။ ဂွါဒီယိုလာမှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာတော့မည်ဆိုသည့် သတင်းများမှာလည်း ဆက်တိုက် ထွက်ပေါ်လျက်ရှိနေသည်။

ဘိုင်ယန်မြူးနစ်အသင်းက ဒမ်းစတက်အသင်းကို ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင် ၁-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် သတင်းထောက်များက ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်  ဂွါဒီယိုလာက 'ဒီညမှာ ဒါကို ကျွန်တော် အဖြေမပေးလိုသေးပါဘူး။ လာမယ့် အပတ်မှာ အဖြေကို ခင်ဗျားတို့ သိရမှာပါ' ဟု ဖြေကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း အော့တမာဟစ်ဖဲလ်က ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်းကို နည်းပြရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ပြောဆိုထားသလို ဘက်ကင်ဘောင်ဝါကလည်း ဂွါဒီယိုလာမှာ မန်ယူနည်းပြ ဗန်ဟားလ်၏နေရာတွင် အစားဝင်ရောက်ဖွယ်ရှိကြောင်း ပြောကြားထားသည်။

ဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား နှစ်လုံး၊ ဂျာမန်ပိုကယ်ဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားနှင့် ယူအီးအက်ဖ်အေစူပါဖလားတို့ကို ရယူပေးခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly