ဥရောပသမဂ္ဂနှင့် ထိုင်ဝမ်တို့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည့် အစီအစဉ်အပေါ် တရုတ်စိတ်ပျက်

ဥရောပသမဂ္ဂနှင့် ထိုင်ဝမ်တို့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည့် အစီအစဉ်အပေါ် တရုတ်စိတ်ပျက်

အီးယူ-ထိုင်ဝမ် နိုင်ငံရေးဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ်နှင့်ပတ်သက်၍ တရုတ်အစိုးရက ကန့်ကွက်လိုက်ပြီး တစ်ခုတည်းသော တရုတ်နိုင်ငံ လမ်းစဉ်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

“ဒီလိုအုပ်ဆောင်ချက်တွေဟာ သာမာန်အလွတ်သဘော စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ အီးယူအဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိုင်ဝမ်တို့အကြား ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်တွေရဲ့ ဘောင်ကို ကျော်လွန်နေပါတယ်။ တစ်ခုတည်းသော တရုတ်နို်ငငံ မူဝါဒကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်သလို တရုတ်နဲ့ အီးယူတို့အကြား အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိခိုက်စေတာကြောင့် ပြင်းထန်စွာ ကန့်ကွက်ပါတယ်” ဟု အီးယူဆိုင်ရာ တရုတ်သံတမန်ရုံးမှ တာဝန်ရှိသူက စက်တင်ဘာ ၁ ရက်တွင် ပြောကြားသည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ သတိထားလုပ်ဆောင်ကြရန်လည်း ဥရောပပါလီမန်အဖွဲ့ဝင်များအား အဆိုပါ တာဝန်ရှိသူက တိုက်တွန်းလိုက်သည်။

ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သတိပေးချက်များ ထွက်ပေါ်နေချိန်တွင် ထိုင်ဝမ်နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရန် ဥရောပပါလီမန်အမတ်များက ဥရောပသမဂ္ဂအား တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ တရုတ်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၁ ရက်က ထွက်ပေါ်လာသည့် သတင်းတစ်ရပ်တွင် နိုင်ငံခြားရေးရာကော်မတီ၏ ဥရောပပါလီမန်အဖွဲ့ဝင်များက အီးယူနှင့် ထိုင်ဝမ်တို့အကြား ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြသည်။

“အီးယူ-ထိုင်ဝမ် ဆက်ဆံရေးဆိုင်ရာ ဥရောပပါလီမန်၏ ပထမဆုံးအစီရင်ခံစာသည် အီးယူအနေဖြင့် အဓိက မိတ်ဖက်ဖြစ်သော ထိုင်ဝမ်နှင့် ဆက်ဆံရေး တိုးမြှင့်ရန် ခိုင်မာစွာ အချက်ပြခြင်း ဖြစ်သည်။ ကော်မရှင်အနေဖြင့် အီးယူ-ထိုင်ဝမ် ဆက်ဆံရေးအား တိုးမြှင့်ရန်နှင့် ထိုင်ဝမ်နှင့် ပိုမိုအားကောင်းသော မိတ်ဖက်ဆက်ဆံရေးကို ဖော်ဆောင်ရမည်” ဟု ဆွီဒင်နိုင်ငံ၏ ဥရောပကော်မရှင် ကိုယ်စားလှယ် ချာလီဝီမားစ်က တိုက်တွန်းသည့်အဆိုအား အတည်ပြုမဲခွဲဆုံးဖြတ်အပြီးတွင် ပြောကြားခဲ့သည်။

“သက်ရောက်နိုင်ခြေများ အကဲဖြတ်ခြင်း၊ အများပြည်သူနှင့် ဆွေးနွေးဆောင်ရွက်ခြင်းနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုဆို်ငရာ သဘောတူညီချက် (BIA) အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆွေးနွေးညှိနှိုင်းမှုများအတွက် ပြင်ဆင်ခြင်းတို့ကို ထိုင်ဝမ်အာဏာပိုင်များနှင့် ယခုနှစ်မကုန်မီ စတင် လုပ်ဆောင်ရမည်” ဟု ၎င်းက ပြောကြားသည်။

ဒေသတွင်း အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှု မြင့်တက်လာချိန်တွင် စည်းမျဉ်းအခြေခံစနစ်ကို လိုက်နာကျင့်သုံးနိုင်မည့် အင်ဒို-ပစိဖိတ်ဒေသတွင် ထိုင်ဝမ်းအား အီးယူ၏ အဓိက မိတ်ဖက်နှင့် ဒီမိုကရေစီ မဟာမိတ်အဖြစ် ပါလီမန်အဖွဲ့ဝင်များက သတ်မှတ်ကြောင်း တရားဝင် အတည်ပြုချက်ထွက်ပေါ်လာသည်။

တရုတ်၏ စစ်ရေးအရ ရန်လိုမှုများ၊ ဖိအားများ၊ စော်ကားသည့် လုပ်ရပ်များ၊ လေကြောင်းပိုင်နက် ချိုးဖောက်မှုများ၊ ထိုင်ဝမ်နှင့် ပတ်သက်၍ သတင်းမှားဖြင့် ဝါဒဖြန့်ချိမှုများအပေါ် စိုးရိမ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ တင်းမာမှုများကို ဖြေရှင်းရာတွင် အီးယူအနေဖြင့် ပိုမိုလုပ်ဆောင်ရန်နှင့် ထိုင်ဝမ်၏ ဒီမိုကရေစီ၊ အီးယူ၏ အရေးပါသော မိတ်ဖက်အဆင့်အတန်းကို ကာကွယ်ရန်တို့ကိုလည်း တိုက်တွန်းထားသည်။

တရုတ်-ထိုင်ဝမ်ရေလက်ကြား ဆက်ဆံရေးနှင့် ပတ်သက်၍ ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းသည် တစ်ဖက်သတ်မဟုတ်သလို ထိုင်ဝမ်ပြည်သူများ၏ ဆန္ဒလည်းမဟုတ်ကြောင်း ဥရောပ ပါလီမန်ကိုယ်စားလှယ်များက ပြောကြားသည်။

ဥရောပ၏ ကြွယ်ဝမှုသည် အာရှ၏ လုံခြုံရေးနှင့် ဆက်စပ်နေသလို ပြဿနာများသည် စီးပွားရေးနယ်ပယ်ထက် ကျော်လွန်လာပါက ဥရောပအတွက် သက်ရောက်မှုများ ရှိလာမည်ဟု ၎င်းတို့က သတိပေး ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားသည် ထိုင်ဝမ်ကျွန်းနှင့် အာရှတိုက်တို့ကို ပိုင်းခြားထားသည့် ကီလိုမီတာ ၁၈၀ ကျယ်ဝန်းသော ရေလက်ကြားဖြစ်ကာ ယင်းရေလက်ကြားသည် နိုင်ငံတကာရေပိုင်နက်အတွင်းရှိသော်လည်း တရုတ်က ထိုင်ဝမ်သည် ၎င်းတို့၏ နယ်မြေပိုင်နက်ဖြစ်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly