ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အိန္ဒိယ ရည်မှန်းထား

ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အိန္ဒိယ ရည်မှန်းထား

ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး တိုးမြှင့်ရန် အိန္ဒိယအစိုးရက ရည်မှန်းထားပြီး ဒေသတစ်ခုချင်းစီ၏ သီးခြားပုံစံဖြင့်ရှိသော အသေးအမွှားကိစ္စရပ်များကို တူညီအောင် လုပ်ဆောင်မည်မဟုတ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ ကောင်စီအစည်းအဝေးတွင် စက်တင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

“ဥရောပနဲ့ မူဝါဒတွေရော တန်ဖိုးထားတာတွေမှာ တူညီတဲ့ အာရှနဲ့ အင်ဒို-ပစိဖိတ်ဒေသမှ မိတ်ဆွေတွေရှိတယ်ဆိုတာ ဥရောပနိုင်ငံများအနေနဲ့ သိဖို့လိုပါတယ်။ အိန္ဒိယနဲ့ ဥရောပတို့အကြာ ဆက်ဆံရေးကို တိုးမြှင့်ခြင်းဟာ မတူညီတဲ့ ဒေသတွေအကြားက အလေ့အထတွေကု တူညီအောင် လုပ်ဆောင် မှာတော့ မဟုတ်ပါဘူး” ဟု ဂျိုင်ရှန်ကာက ‘အင်ဒို-ပစိဖိတ်ဒေသတွင် စည်းကမ်းအခြေခံစနစ်ဖြင့် မိတ်ဖက်ပူးပေါင်းမှု’ ခေါင်းစဉ်အား ဆွေးနွေးပွဲတွင် ပြောကြားသည်။

အိန္ဒိယနှင့် ဥရောပတို့အကြား အတူတကွ လုပ်ဆောင်ရသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဂျိုင်ရှန်ကာက “ကိစ္စတွေထဲက တစ်ခုကတော့ ဥရောပဟာ အာရှ၊ အင်ဒို-ပစိဖိတ်နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရတာရှိပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ဥရောပဟာ သူရဲ့ ဆုံးဖြတ်ချက်တွေ၊ သူတို့ရဲ့ နယ်နမိတ်ပြင်ပက ကိစ္စတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုရာမှာ ပိုပြီးတော့ နှုတ်ဆိတ်လာပါတယ်။

“ဒီကနေ့ ခင်ဗျားတို့အနေနဲ့ ကန့်သတ်မထားတဲ့ အစီအစဉ်၊ ယုံကြည်မှုနဲ့ ပွင့်လင်းမြင်သာမှု အကြောင်းတွေကို ပြောတဲ့အခါ ဒီကိစ္စတွေဟာ တစ်ချိန်တုန်းကတော့ အနောက်နိုင်ငံတွေရဲ့ လမ်းစဉ်တွေပါ။ ဒါပေမယ့် ဒီစနစ်တွေ ဟာ အနောက်ကမ္ဘာရဲ့ ပြင်ပကို ရောက်နေပါပြီ” ဟု ဝန်ကြီး ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

ယခုအခမ်းအနားသည် ဥရောပနိုင်ငံခြားရေးရာကောင်စီ၏ အလွတ်သဘော ဆွေးနွေးပွဲဖြစ်ကာ အရှေ့တောင်ဥရောပ၏ ဆလိုဗန်းနီးယားနိုင်ငံ၊ လူဘီအာနာ မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာသည် ဗဟိုဥရောပနိုင်ငံများနှင့် အိနိ္ဒယနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စက်တင်ဘာ ၂ ရက်မှ ၅ ရက်အထိ ဆလိုဗန်းနီးယား၊ ခရိုအေးရှားနှင့် ဒိန်းမတ်နိုင်ငံများသို့ တရားဝင်ခရီး သွားရောက်ခဲ့သည်။

ယခုခရီးစဉ်သည် အိန္ဒိယနှင့် အဆိုပါ ၃ နိုင်ငံတို့အကြား ဆက်ဆံရေး တိုးတက်စေရန် အခွင့်အလမ်း တစ်ခုဖြစစ်သလို အီးယူနှင့် ကဏ္ဍပေါင်းစုံဆက်ဆံရေးကောင်းမွန်စေနိုင်ကြောင်း ပြည်ပရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly