တာလီဘန်တွေ အစိုးရဖွဲ့ဖို့ နီးကပ်လာချိန် အာဖဂန်အမျိုးသမီးတွေ မကြုံစဖူး ဆန္ဒပြ

တာလီဘန်တွေ အစိုးရဖွဲ့ဖို့ နီးကပ်လာချိန် အာဖဂန်အမျိုးသမီးတွေ မကြုံစဖူး ဆန္ဒပြ

အစိုးရသစ် ဖွဲ့စည်းဖို့ နီးကပ်နေပြီလို့ တာလီဘန်တွေက ကြာသပတေးနေ့မှာ ပြောလာချိန်မှာပဲ အာဖဂန် အမျိုးသမီး ဒါဇင်များစွာဟာ အစိုးရသစ်လက်ထက်မှာ အလုပ်လုပ်ခွင့် ရရေးအတွက် မကြုံစဖူး ဆန္ဒပြကြပါတယ်။ 

စီးပွားရေး အကျပ်အတည်း ကြီးမားနေပြီး အများပြည်သူရဲ့ အယုံအကြည်မဲ့မှု နက်နက်ရှိုင်းရှိုင်း ရှိနေတာနဲ့ ရင်ဆိုင်နေရချိန်မှာပဲ တာလီဘန်တွေက အစိုးရသစ် ဖွဲ့ဖို့ လုပ်ဆောင်နေရတာလည်း ဖြစ်ပါတယ်။ 

၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်း ရက်စက်စွာ အုပ်ချုပ်ခဲ့တာမျိုး မဟုတ်ဘဲ ပျော့ပြောင်းတဲ့ အုပ်ချုပ်မှု ဖြစ်ရမယ့်လို့ ကတိပြုထားတဲ့ တာလီဘန်တွေအနေနဲ့ အခုဆိုရင် သူပုန်အုပ်စုကနေ အစိုးရအာဏာပိုင်တွေအဖြစ် အသွင်ပြောင်းကလိမ့်မှာ ဖြစ်ပါတယ်။ 

အစ္စလာမ္မစ် အုပ်စု တာလီဘန်တွေအတွက် အံ့ဖွယ်အောင်ပွဲအဖြစ် အမေရိကန်ဟာ ကာလရှည်စစ်ပွဲကို အဆုံးသတ်ပြီး အာဖဂန်နစ္စတန်ကနေ တပ်တွေ ဝရုန်းသုန်းကား ရုပ်သိမ်းသွားအပြီး ရက်ပိုင်းအတွင်း အစိုးရသစ်အဖွဲ့ဝင်တွေကို ကြေညာလိမ့်မှာ ဖြစ်ပါတယ်။ တာလီဘန်သတင်းရင်းမြစ်နှစ်ရပ်ကတော့ သောကြာနေ့ ဝတ်ပြုဆုတောင်းအပြီး ကြေညာဖြစ်ဖို့ရှိတယ်လို့ အေအက်ဖ်ပီကို ပြောပါတယ်။ 

ဩဂုတ် ၁၅ ရက်က ကဘူးလ်လေဆိပ်ကို ရရှိလိုက်ပြီးနောက်ပိုင်း များစွာသော အထိမ်းအမှတ် လှုပ်ရှားမှုတွေထဲက တစ်ခုမှာ တာလီဘန်တွေဟာ ထိုးစစ်တွေအတွင်း လက်ရသိမ်းပိုက်နိုင်ခဲ့တဲ့ အကြီးစား စစ်လက်နက်ပစ္စည်းတွေကို ဗုဒ္ဓဟူးနေ့မှာ စီတန်းလှည့်လည်ပြသခဲ့ပတယ်။ ဒီ စီတန်းလှည့်လည်မှုမှာ တာလီဘန်လှုပ်ရှားမှုရဲ့ ပင်မမဏ္ဍိုင် ကန်ဒါဟာမှာ Black Hawk ရဟတ်ယာဉ်တစ်စင်းပါ ဝေဟင်မှာ ဝဲပျံနေခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ တာလီဘန်တွေအနေနဲ့ စစ်ပွဲကြောင့် အထိနာနေတဲ့ စီးပွားရေးကို စီမံခန့်ခွဲနိုင်စွမ်း ရှိမယ့် အစိုးရ ဖွဲ့စည်းနိုင်မလားနဲ့ ပိုပြီး ‘ကောင်းမွန်ပြည့်စုံ’တဲ့ အစိုးရ ဖြစ်စေရမယ်ဆိုတဲ့ ၎င်းတို့ရဲ့ ကတိကို ဖော်ဆောင်နိုင်မလားဆိုတာအပေါ် အားလုံးရဲ့ မျက်လုံးတွေက စောင့်ကြည့်လို့နေပါတယ်။ 

အစိုးရသစ် ဖွဲ့စည်းနေတဲ့အပေါ် ထင်ကြေးမှတ်ချက်တွေ အမျိုးမျိုး ရှိနေပေမယ့် တာလီဘန်အကြီးတန်း တာဝန်ရှိသူတစ်ဦးကတော့ ကက်ဘိနက်အစိုးရအဖွဲ့မှာ အမျိုးသမီးတွေ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

အမျိုးသမီးတွေအနေနဲ့ အလုပ်ဆက်လုပ်ခွင့် ရှိမှာ ဖြစ်ပေမယ့် လာမယ့် အစိုးရရဲ့ အဖွဲ့ဝင် ဒါမှမဟုတ် အခြား ထိပ်တန်းရာထူးတွေမှာ ပါဝင်ဖြစ်ဖို့ မရှိဘူးလို့ ပထမဆုံး တာလီဘန်စီမံရေးရုံးက သဘောထားတင်းမာတဲ့ အကြီးတန်းခေါင်းဆောင် ရှားမိုဟာမတ်က BBC Pashto နဲ့ အင်တာဗျူးရာမှာ ပြောခဲ့ပါတယ်။ 

အနောက်ပိုင်း ဟာရတ်မြို့မှာ အင်အား ၅၀ ခန့်ရှိ အမျိုးသမီးတွေဟာ အလုပ်လုပ်ခွင့် အခွင့်အရေးအတွက်နဲ့ အစိုးရသစ်မှာ အမျိုးသမီးတွေ မပါဝင်မယ့်အပေါ် ဖီဆန်အာခံပြီး ဆန္ဒပြကြပါတယ်။ 

“ပညာသင်တာ၊ အလုပ်လုပ်တာနဲ့ ဘေးကင်းလုံခြုံဖို့တွေဟာ ကျွန်မတို့ရဲ့ အခွင့်အရေးပါ”လို့ ဆန္ဒပြအမျိုးသမီးတွေက ပြိုင်တူကြွေးကြော်ကြကြောင်း မျက်မြင် အေအက်ဖ်ပီ သတင်းထောက်က ပြောပါတယ်။ 

“ကျွန်မတို့ မကြောက်ဘူး၊ ကျွန်မတို့ စည်းလုံးညီညွတ်ကြတယ်”လို့လည်း ဆန္ဒပြသူတွေက သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly