ပွင့်ဖြူမှ နွားကျောင်းသားကို ကုတ်သည့်ကျား စေတုတ္တရာနယ်ထဲ ရောက်နေ

By The Nation Voice
02 September 2021
ပွင့်ဖြူမှ နွားကျောင်းသားကို ကုတ်သည့်ကျား စေတုတ္တရာနယ်ထဲ ရောက်နေ
ဓါတ်ပုံ- စေတုတ္တရာမြို့နယ်အတွင်းတွေ့ရသော ကျားခြေရာများ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာမှ နွားကျောင်းသူ အမျိုးသား တစ်ဦးကို ကုတ်ခဲ့သည့် ကျားသည် လက်ရှိတွင် စေတုတ္တရာမြို့နယ်ဘက်သို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။
 
“ကျားက စေတုတ္တရာနယ်ဘက်ကိုရောက်သွားပြီလို့ပြောတယ်။ ခြေရာတွေ တွေ့နေကြတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 
ယင်းသို့ ကျားခြေရာများတွေ့နေရခြင်း နှင့်ပတ်သက်ပြီး ဒေသခံများက စိုးရိမ်နေကြရသည်ဟု ဆိုသည်။ 

ကျားခြေရာကို ယနေ့ စက်တင်ဘာ ၂ရက် နံနက်တွင် စေတုတ္တရာမြို့နယ် ညောင်အိုင်ရွာ၊ မုန်းတံတားအနီးရှိ ယာကွက်ထဲတွင် တွေ့ခဲ့ရကြောင်း စေတုတ္တရာဒေသခံတစ်ဦးက ကျားခြေရာ ဓာတ်ပုံများနှင့်တကွ သတင်း‌ပေးခဲ့သည်။ 

ကျားသည် ခရမ်းချဉ်ခင်းဘေးတွင် ခေတ္တမျှ ထိုင်ဝပ်သွားပုံရကြောင်း၊ ဝပ်ကျင်းရာမှာ ခွေးကြီးနှစ်ကောင် ကိုယ်လုံးစာမျှရှိကြောင်း ၎င်းမှပြောသည်။ 

“ထိတ်လန့်စေလို၍ မဟုတ်ပါ။ သွားသတိလာသတိ သတိရှိကြစေလို၍သာ ဖြစ်ပါသည်” ဟု အဆိုပါဒေသခံ က၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း သတိပေးထားသည်။ 

ပွင့်ဖြူနှင့် စေတုတ္တရာသည် နယ်မြေခြင်းဆက်စပ်နေပြီး အဆိုပါဒေသများ၌ ယခင်က ကျားလာရောက်ခြင်းမျိုး မတွေ့ခဲ့ဖူးဟု ဒေသခံကများ ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required