ရုရှနိုင်ငံတော်ကို အလုပ်အကျွေးပြုမယ့် ငယ်အိပ်မက်ကို ဖြည့်ဆည်းနေတာပါလို့ သမ္မတ ပူတင် ပြော 

ရုရှနိုင်ငံတော်ကို အလုပ်အကျွေးပြုမယ့် ငယ်အိပ်မက်ကို ဖြည့်ဆည်းနေတာပါလို့ သမ္မတ ပူတင် ပြော 
Photo - AFP

စက်တင်ဘာ ၂

စာသင်နှစ်သစ် စတင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဆယ်ကျော်သက်တွေနဲ့ တွေ့ဆုံစကားပြောရာမှာ သမ္မတ ဗလာဒီမာ ပူတင်က ရုရှနိုင်ငံတော်ကို အလုပ်အကျွေးပြုမယ် သူ့ ငယ်အိပ်မက်ကို ဖြည့်ဆည်းနေတာပါလို့ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။ 

“အရာရာတိုင်းဟာ ရည်ရွယ်ချက်အရပဲ ဖြစ်တယ်၊ ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ပြောရမယ်ဆိုရင် အဖမြေကို အလုပ်အကျွေးပြုမယ်လို့ ကိုယ့်ကိုကို ပေးအပ်မြုပ်နှံထားတယ်လို့ ပြောရမှာပဲ”ဆိုပြီး အရှေ့ပိုင်း ဗလာဒီဗိုစတော့မှာ ရုပ်သံတွေ့ဆုံမှုအတွင်း ပူတင်က ပြောတာ ဖြစ်ပါတယ်။ 

“ပြီးတော့ အခု တို့ လုပ်ကိုင်နေတာတွေ၊ တို့ ယုံကြည်ယူဆတာတွေဟာ တို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော် ရရှိရေးအတွက်ဆိုတဲ့ အသိနဲ့ပဲ ဖြစ်တယ်”လို့ အသက် ၆၈ နှစ်ရှိ ပူတင်က ထပ်လောင်းပြောပါတယ်။ 

ထောက်လှမ်းရေး KGB အေဂျင့်ဟောင်း ပူတင်ဟာ ၂၀၀၈ ကနေ ၂၀၁၂ ကြားမှာသာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကြားကာလတိုက လွဲလို့ ၂၀၀၀ ခုနှစ်ကနေ ခုချိန်အထိ သမ္မတအဖြစ် တာဝန်ယူထားတာပါ။ 

၂၀၂၀ မှာ ပြင်ဆင်လိုက်တဲ့ ဖွဲ့စည်းပုံအရ ပူတင်ဟာ သူ့အသက် ၈၄ နှစ် ရှိချိန် ၂၀၃၆ အထိ ရုရှရဲ့ ဦးစီးပဲ့ကိုင်အဖြစ် ဆက်လက်ရှိနေခွင့် ရထားပါတယ်။ အစိုးရကို ဝေဖန်သူတွေကတော့ ပူတင်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်မှာ အာဏာအတင်းဆုပ်ကိုင်ပြီး ဆန့်ကျင်သူတွေကို နှိပ်စက်ညှင်းပန်းနေတယ်လို့ စွပ်စွဲပြောဆိုကြပါတယ်။ 

အခုလနှောင်းပိုင်းက လွှတ်တော်မဲပေးပွဲ အကြိုမှာ ရုရှအာဏာပိုင်တွေဟာ အတိုက်အခံတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို အပြင်းအထန် ဖြိုခွင်းနေတယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။ 

ဖမ်းဆီးခံ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်နီဟာလည်း သူ့ရဲ့ အဖွဲ့အစည်းတွေကို ‘အစွန်းရောက်ဝါဒီ’အဖြစ် ကြေညာခံရတာနဲ့ ကြုံကြိုက်ရပြီး နိုင်ငံကနေ တားမြစ်ခံရသလို သူ့ ထိပ်တန်းလက်ထောက်အားလုံးလည်း ထွက်ပြေးခဲ့ကြရပါတယ်။ 

Meduza သတင်းနဲ့ Dozhd TV ချန်နယ်တွေလို လွတ်လပ်တဲ့ မီဒီယာတွေဟာ ‘နိုင်ငံခြား အေဂျင့်တွေ’အဖြစ် သတ်မှတ်ခံထားရပြီး ထောက်လှမ်းစုံစမ်းရေးသတင်းတွေ တင်ဆက်တဲ့ Proekt သတင်းဌာနကို ‘မလိုလားအပ်တဲ့ အဖွဲ့အစည်း’ လို့ ကြေညာထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly