ကွယ်လွန်သွားတဲ့ အိန္ဒိယ ကက်ရှ်မီးယားခွဲထွက်ရေးခေါင်းဆောင်ကို ညအချိန် မြေမြှုပ်သင်္ဂြိုလ်

ကွယ်လွန်သွားတဲ့ အိန္ဒိယ ကက်ရှ်မီးယားခွဲထွက်ရေးခေါင်းဆောင်ကို ညအချိန် မြေမြှုပ်သင်္ဂြိုလ်
Photo - AFP

စက်တင်ဘာ ၂

အိန္ဒိယနိုင်ငံမှာ ကက်ရှ်မီးယား ခွဲထွက်ရေးဝါဒီ ခေါင်းဆောင် ဆေယက်ဒ် အလီ ဂီလာနီ ကွယ်လွန်သွားခဲ့ပြီး ၎င်းကို စက်တင်ဘာ ၂ ရက်က မနက်အရုဏ်မတက်မီ လုံခြုံရေးတင်းကျပ်ထားခဲ့တဲ့ အသုဘအခမ်းအနားတစ်ခုမှာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ပါတယ်။ တချိန်တည်းမှာလည်းပဲ အိန္ဒိယ အာဏာပိုင်တွေဟာ အငြင်းပွား ဟိမဝန္တာဒေသတစ်ခွင်မှာ လော့ခ်ဒေါင်းတစ်ရပ် ချမှတ်ပြီး လုံခြုံရေးအထူးတင်းကြပ်ထားခဲ့ပါတယ်။

ကက်ရှ်မီးယားမှာ အိန္ဒိယ အုပ်ချုပ်မှုကို အလျှော့မပေးဘဲ ဆန့်ကျင်လှုပ်ရှားခဲ့သူဖြစ်တဲ့ ဂီလာနီဟာ  ကာလကြာ နာမကျန်းဖြစ်နေခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ ကွယ်လွန်ချိန်မှာ အသက် ၉၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

ကက်ရှ်မီးယား တောင်ကြားမှာ ၎င်းရဲ့ သြဇာလွှမ်းမိုးမှုအပေါ် စိုးရိမ်ပူပန်မှုကြောင့် ဂီလာနီ ကွယ်လွန်ပြီးနောက် ယင်းဒေသမှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားခဲ့သလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ထားခဲ့ကာ ဒေသခံတွေကိုလည်း နေအိမ်မှာပဲ နေကြဖို့ ညွှန်ကြားခဲ့ပါတယ်။

ဆရီနာဂါမြို့ရှိ ဂီလာနီရဲ့ နေအိမ်အနီး သင်္ချိုင်းတစ်ခုမှာ မနက် ၄ နာရီ ခွဲ အချိန်မှာ ပြုလုပ်တဲ့ အသုဘအခမ်းအနားကို ၎င်းတို့ တက်ရောက်ခွင့်မရခဲ့ဘူးလို့ ဂီလာနီရဲ့ မိသားစုက ပြောပါတယ်။

ပြီးခဲ့တဲ့ နောက်ဆုံး ဆယ်စုနှစ် ငါးစုရဲ့ အချိန်အများအပြားကို အကျဉ်းထောင် ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်အောက်မှာ ကုန်ဆုံးခဲ့ရတဲ့ ဂီလာနီဟာ သူ သေဆုံးချိန်မှာ အခြား ကက်ရှ်မီးယား ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေနဲ့အတူ အာဇာနည်သင်္ချိုင်းမှာ မြှုပ်နှံခံရဖို့ ဆန္ဒရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယင်းပန်ကြားချက်ကို အာဏာပိုင်တွေက ပယ်ချခဲ့တယ်လို့ ရဲသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“မနက် ၃ နာရီလောက်မှာ ရဲတွေ ကျွန်တော်တို့အိမ်ထဲ ဇွတ်ဝင်လာပြီး ကျွန်တော့်အဖေရဲ့ အလောင်းကို လာယူသွားကြတယ်” ဟု ၎င်းရဲ့ သားတစ်ဦးဖြစ်တဲ့ နက်ဆီးမ် ဂီလာနီက အေအက်ဖ်ပီကို ပြောပါတယ်။

“ကျွန်တော်တို့က သူအသုဘအခမ်းအနားကို မနက်ခင်း ဝတ်တက်ပြီးမှ ပြုလုပ်ဖို့နဲ့ သူ့ဆန္ဒအတိုင်း အာဇာနည်သင်္ချိုင်းမှာ မြေမြှုပ်သင်္ဂြိုလ်ဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

“ဒါပေမယ့် ရဲတွေက လက်မခံဘဲ အဖေ့ရဲ့ အလောင်းကို ယူသွားပြီး သင်္ဂြိုလ်တဲ့ အခမ်းအနားမှာ ဘယ်မိသားစုဝင်မှ မတက်ဖို့ ပြောခဲ့ပါတယ်” လို့လည်း သားဖြစ်သူက ပြောပါတယ်။

“အဲဒီနောက် ရဲတွေက ကျွန်တော့်အဖေရဲ့ အလောင်းကို ရေချိုးသန့်စင်ပြီး မြေမြှုပ်လိုက်တယ်လို့ ကျွန်တော်တို့ ကြားပါတယ်” လို့လည်း ၎င်းက ဆိုပါတယ်။

အဆိုပါ အသုဘအခမ်းအနားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပဲ ထိန်းချုပ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရဲသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

၎င်းရဲ့အဆိုအရ မိသားစုကို ရွေးချယ်စရာတွေ ကမ်းလှမ်းခဲ့ပေမယ့် တုံ့ပြန်အဖြေပေးမှု မရခဲ့ဘူးလို့လည်း ဆိုပါတယ်။ အသုဘအခမ်းအနားမှာ ဂီလာနီရဲ့ သားနှစ်ဦးလည်း ရှိခဲ့တယ်လို့ ဆိုပေမယ့် အမည်တွေကိုတော့ ထုတ်ဖော်ခြင်းမရှိပါဘူး။

ခုလို ဂီလာနီ ကွယ်လွန်မှုအတွက် လူအများအပြား စုဝေးပြီး ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ် လုပ်တာမျိုး တစ်ခုခုကနေ လူထု မငြိမ်မသက်မှုဆီ ပြောင်းလဲသွားမှာကို အာဏာပိုင်တွေ စိုးရိမ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တပ်ဖွဲ့ဝင်တွေ နေရာတိုင်းမှာ ရှိပါတယ်၊ အဓိကလမ်းမကြီးတွေမှာလည်း သံဆူးကြိုး အကာအရံတွေ ချထားပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းကတော့ ဂီလာနီ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်သူတွေအနက် ရှေ့ဆုံးကနေ ပါခဲ့ပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး ၁၁ နှစ်ရဲ့ အချိန်အများစုကို နေအိမ်အကျယ်ချုပ်အောက်မှာ ရှိနေခဲ့တဲ့ ဂီလာနီဟာ လများစွာကြာ နာမကျန်းဖြစ်နေခဲ့ပြီး နှလုံးနဲ့ ကျောက်ကပ် ဝေဒနာတွေ ခံစားထားခဲ့ရပါတယ်။

ဂီလာနီဟာ ပြည်သူတွေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် ၎င်းရဲ့ဘဝတစ်လျှောက်လုံး ကြိုးပမ်းခဲ့သူဖြစ်ကာ အိန္ဒိယရဲ့ အကျဉ်းချ နှိပ်ကွပ်မှုကို ခံရပေမယ့် ဆက်လက်ပြီး မဆုတ်မနစ် ရှိခဲ့တယ်လို့ အီမရန်ခန်းက ပြောခဲ့ပါတယ်။

ပါကစ္စတန်မှာတော့ တစ်ရက်တာ တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲမှုအထိမ်းအမှတ်အဖြစ် ခန်းက သတ်မှတ်ကြေညာသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly