သီရိလင်္ကာမှာ နိုင်ငံခြားငွေကြေး ပြတ်လပ်တာကြောင့် စားနပ်ရိက္ခာ အရေးပေါ် အခြေအနေ ကြေညာ 

သီရိလင်္ကာမှာ နိုင်ငံခြားငွေကြေး ပြတ်လပ်တာကြောင့် စားနပ်ရိက္ခာ အရေးပေါ် အခြေအနေ ကြေညာ 

စက်တင်ဘာ ၂

သီရိလင်္ကာနိုင်ငံက ပုဂ္ဂလိက ဘဏ်တွေမှာ သွင်းကုန်တွေအတွက် ငွေကြေးဖြည့်တင်းပေးရမယ့် နိုင်ငံခြားငွေကြေး ပြတ်နေတာကြောင့် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှု အရေးပေါ်အခြေအနေကို အင်္ဂါနေ့မှာ ကြေညာခဲ့ချိန်မှာ မရှိမဖြစ် ကုန်စည်တွေ ရောင်းချပေးရာ ဈေးဆိုင်တွေရဲ့ အပြင်ဖက်မှာ ပြည်သူတွေဟာ တန်းစီပြီး စောင့်ဆိုင်းဝယ်ယူနေကြရပါတယ်။ 

နိုင်ငံအနေနဲ့ ပြင်းထန်တဲ့ စီးပွားရေး ဆုတ်ယုတ်မှုကို ခါးစည်းခံနေရချိန်မှာ သကြား ဆန်နဲ့ အခြား မရှိမဖြစ် စားနပ်ရိက္ခာတွေ သိုလှောင်ကြတာကို တိုက်ဖျက်ဖို့အတွက် အရေးပေါ်ကန့်သတ်စည်းကမ်းတွေကို အမိန့်ထုတ်ကြောင်း သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ဆာက ပြောပါတယ်။ 

‘ဆန်၊ သကြားနဲ့ အခြား စားသောက်ကုန်စည်တွေ ဈေးကွက်တင်သွင်းမှု ညှိနှိုင်းဆောင်ရွက်ရေးအတွက် မရှိမဖြစ် ဝန်ဆောင်မှုများ ကော်မရှင်နာအကြီးအကဲ’အဖြစ် ထိပ်တန်းစစ်အရာရှိတစ်ဦးကို သမ္မတ ရာဂျာပတ်ဆာက ခန့်အပ်ပါတယ်။ 

သကြား၊ ဆန်၊ ကြက်သွန်နဲ့ အားလူးဈေးတွေ သိသိသာသာ မြင့်တက်ပြီးနောက်မှာ အခုလို လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ နို့မှုန့်၊ ရေနံဆီနဲ့ ဟင်းချက်ဆီတွေလည်း ရှားပါးပြတ်လပ်မှုဖြစ်တာကြောင့် စတိုးဆိုင်တွေအပြင်ဖက်မှာ ဝယ်ယူဖို့ လူတန်းရှည်ကြီး စောင့်ဆိုင်းနေကြရတာကိုလည်း မြင်တွေ့ရပါတယ်။ 

စားနပ်ရိက္ခာတွေ လှောင်ထားမှုအတွက် အပြစ်ဒဏ်တွေကိုလည်း အစိုးရက တိုးမြှင့်ထားပေမယ့် တစ်နေ့ လူ ၂၀၀ ထက်မနည်း သေဆုံးနေရတဲ့ ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်လှိုင်းကို တိုက်ထုတ်နေရတဲ့ လူဦးရေ ၂၁ သန်းရှိ နိုင်ငံမှာ စားသောက်ကုန် ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်နေတော့တာပါ။ 

ကပ်ဘေးကြောင့် ၂၀၂၀ မှာ နိုင်ငံရဲ့ စီးပွားရေးဟာ စံချိန်တင် ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် မတ်လမှာ အစိုးရဟာ နိုင်ငံခြားငွေကြး ချွေတာဖို့အတွက် မော်တော်ယာဉ်နဲ့ စားသုံးဆီ၊ ဒေသအတွက် မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင် အပါအဝင် အခြားပစ္စည်းတွေ တင်သွင်းမှုကို တားမြစ်ပိတ်ပင်ခဲ့ရပါတယ်။ 

တင်သွင်းဝယ်ယူဖို့ ခွင့်ပြုထားတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေအတွက် ငွေပေးချေဖို့ အမေရိကန်ဒေါ်လာ ရင်းမြစ် မရရှိဘဲ ဖြစ်နေတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ 

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က သီရိလင်္ကာ ဗဟိုဘဏ်ဟာ ပြည်တွင်းသုံးငွေကြေး ဈေးတက်အောင် အတိုးနှုန်းကို မြှင့်တင်ခဲ့ပါတယ်။ 

ပြည်တွင်းသုံး ရူပီးငွေကြေးက အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် တန်ဖိုး ၂၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလက နိုင်ငံခြားငွေကြေး ထုတ်ရောင်းမှုဟာ ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံ ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံပဲ ထုတ်ရောင်းပေးနိုင်တာကို ဗဟိုဘဏ် အချက်အလက်တွေအရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly