အာဖရိကနှင့် အရှေ့တောင်အာရှတွင် COVID-19 ကာကွယ်ဆေး COVISHIELD ဆေးအတုများ ပေါ်ထွက်နေကြောင်း WHO ဖော်ထုတ်တွေ့ရှိ

အာဖရိကနှင့် အရှေ့တောင်အာရှတွင် COVID-19 ကာကွယ်ဆေး COVISHIELD ဆေးအတုများ ပေါ်ထွက်နေကြောင်း WHO ဖော်ထုတ်တွေ့ရှိ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အာဖရိကဒေသနှင့် WHO အရှေ့တောင်အာရှဒေသတွင် COVID-19 ကာကွယ်ဆေး COVISHIELD ဆေးအတုများကို ဖော်ထုတ်တွေ့ရှိကြောင်း WHO ဆေးဝါးထုတ်လုပ်မှု သတိပေးချက်၌ ထုတ်ဖော်ပြောဆိုထားသည်။ 

အဆိုပါ ဆေးအတုများနှင့် ပတ်သက်ပြီး ဇူလိုင်နှင့် ဩဂုတ်လတို့တွင် WHO သို့ တင်ပြထားခဲ့ခြင်း ဖြစ်သည်။ ယခု သတိပေးချက်ပါ စာရင်းသွင်းဖော်ပြထားသော ဆေးဝါးများသည် အတုဖြစ်သည်ဟု COVISHIELD ဆေးအစစ် ထုတ်လုပ်သော Serum Institute of India Pvt. Ltd. ကုမ္ပဏီကလည်း အတည်ပြုသည်။ 

ယုဂန္ဓာ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အဆိုပါ ဆေးအတုများက ဆုံးရှုံးနစ်နာမှုဖြစ်သော အဆင့်အထိ ရောက်ရှိနေသည်။ 

COVISHIELD ဆေးအစစ်သည် SARS-CoV-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးရေးအတွက် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများတွင် ရောဂါခုခံနိုင်စွမ်းကို နိုးကြားစေခြင်း ဖြစ်သည်။ COVID-19 ကာကွယ်ဆေးအစစ်များကို အမျိုးသား စည်းကြပ်ရေးအာဏာပိုင်များ၏ တရားဝင်လမ်းညွှန်ချက်များအရသာ အသုံးပြုသင့်သည်။ 

COVID-19 ကာကွယ်ဆေးတုများက ကမ္ဘာ့လုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးအပေါ် သည်းထန်သည့် ဘေးများ ဖြစ်ပေါ်စေသကဲ့သို့ ခုခံအားနည်း လူဦးရေနှင့် ကျန်းမာရေးစနစ်အတွက် ထပ်တိုးဝန်ဖိစီးမှုများ ဖြစ်စေသည်။ လူနာများ ထိခိုက်အန္တရာယ်ဖြစ်စေမည်ကို တားဆီးနိုင်ရန် ပျံ့နှံ့ပေါ်ထွက်နေသော ထို ကာကွယ်ဆေးအတုများကို ရှာဖွေဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းပစ်ရန် အရေးကြီးသည်။ 

ဆေးဝါးထုတ်ကုန် သီးသန့်အမှတ်အသားများ၊ ပေါင်းစပ်ပါဝင်ပစ္စည်းများနှင့် ရင်းမြစ်များကို လိမ်လည်အတုလုပ်ကာ မှားယွင်းဖော်ပြထားခြင်းအပေါ် အခြေခံပြီး အဆိုပါ ဆေးအတုများကို ဖော်ထုတ်တွေ့ရှိခြင်း ဖြစ်ကြောင်း သတိပေးချက်၌ အတည်ပြုထားသည်။ 

ဥပမာအားဖြင့် သက်တမ်းကုန်ရက်ကို ၁၀. ၈. ၂၀၂၁ အဖြစ် ဖော်ပြထားရာ ဆေးအုပ်စု Batch 4121Z040 သည် အတုဖြစ်ခြင်း၊ COVISHIELD 2ml (နှစ်မီလီလီတာ COVISHIELD ဆေးရည်) ဆိုသည်မှာလည်း ထုတ်လုပ်သည့် ကုမ္ပဏီစစ်က COVISHIELD ဆေးကို နှစ်မီလီလီတာ ထုတ်လုပ်ထားခြင်း မရှိခြင်း၊ ဆေးအုပ်စု Batch 4126Z079 အုပ်စုနံပါတ်သည်လည်း အတုဖြစ်သကဲ့သို့ ဆေးအမည်ကလည်း COVISHELD ဆိုပြီး စာလုံးပေါင်းမှားယွင်းစွာ ဖော်ပြထားခြင်းများ စသည်တို့အားဖြင့် အတုဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခြင်း ဖြစ်သည်။ 

ကျန်းမာရေးကြီးကြပ်အာဏာပိုင်များနှင့် အများပြည်သူများသို့ အကြံပြုခြင်း 

ယခု ဆေးအတုများကြောင့် သက်ရောက်မှု ကြုံနေရနိုင်သော နိုင်ငံနှင့် ဒေသများ၏ ဈေးကွက်စီးဆင်းမှုအတွင်း ပို၍ သတိထားစောင့်ကြည့်ရန် WHO က မေတ္တာရပ်ခံထားသည်။ ဆေးရုံများ၊ ဆေးခန်းများ၊ ကျန်းမာရေးစင်တာများ၊ လက်ကားဈေးကွက်များ၊ ဖြန့်ချိရေးများ၊ ဆေးဆိုင်များနှင့် ဆေးဝါးထုတ်ကုန်နှင့် ပတ်သက်သော အခြားသော ထောက်ပံ့ပေးသွင်းမှုများတွင် တိုး၍ သတိထားသွားရမည်ဖြစ်သည်။  

ဆေးဝါးထုတ်ကုန်အားလုံးကို အာဏာပိုင်များနှင့် လိုင်စင်ရ ပေးသွင်းသူများထံမှသာ ရရှိစေသင့်သည်။ ဆေးဝါး၏ စစ်မှန်မှုနှင့် ကျန်းမာရေးအခြေအနေကို သေချာဂရုတစိုက် စစ်ဆေးသွားသင့်ပြီး သံသယရှိပါက ကျန်းမာရေးပညာရှင်များထံမှ အကြံဉာဏ်ရယူ ရမည်။ 

အထက်က ဆေးအတုများ လက်ဝယ်ရောက်ရှိပါကလည်း အသုံးမပြုကြရန် တိုက်တွန်းထားသည်။ 

အကယ်၍ ယင်း ဆေးအတုများကို သုံးစွဲမိခြင်း သို့မဟုတ် ဆိုးဝါးသည့် တုံ့ပြန်မှုများ ခံစားရပါက အရည်အချင်း ပြည့်မီ ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များထံမှ ဆေးဝါးဆိုင်ရာ အကြံပြုချက် ချက်ချင်း ရယူရန်နှင့် အဖြစ်အပျက်အား ဆိုင်ရာသို့ အကြောင်းကြားရန်လည်း အကြံပြုထားသည်။ 

နိုင်ငံအတွင်း ဆေးအတုများ တွေ့ရှိပါက WHO ထံသို့ ကျန်းမာရေးအာဏာပိုင်များအနေဖြင့် ချက်ချင်း အကြောင်းကြားရန်ကိုလည်း အကြံပြုတိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly