အာဖဂန်ပြည်သူများကို ကူညီရန် ကမ္ဘာ့မြို့ကြီးများတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်

အာဖဂန်ပြည်သူများကို ကူညီရန် ကမ္ဘာ့မြို့ကြီးများတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်

အာဖဂန်နစ္စတန်အတွင်းမှ ကယ်ဆယ်ရေးလုပ်ငန်းများအဆုံးသတ်ရန် နောက်ဆုံးရက် နီးလာချိန်တွင် အာဖဂန်ပြည်သူများကို ကူညီရန် တောင်းဆိုသည့် ဆန္ဒပြမှုများအား ဩဂုတ် ၂၈ ရက်က ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ကြသည်။

ဝါရှင်တန်မြို့၌ ပြုလုပ်သည့် ဆန္ဒပြပွဲတွင် အမေရိကန်တွင် နေထိုင်သည့် အာဖဂန်နို်ငငံသားများအပါအဝင် လူပေါင်း ၁၀၀၀ ခန့် က အိမ်ဖြူတော်အပြင်ဖက်တွင် စုဝေးတောင်းဆိုခဲ့ကြကြောင်း NHK World ရုပ်သံတွင် ဖော်ပြသည်။

ပါဝင်ဆန္ဒပြသူများက ‘အာဖဂန်နစ္စတန်ကို ကယ်တင်ပါ၊ အာဖဂန်ရှင်သန်ဖို့ ကယ်တင်ပါ’ ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင်းမှ ပြည်သူများကို ဖြစ်နိုင်သမျှအများဆုံး ကယ်ထုတ်ပေးရန်နှင့် အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးကို ကူညီကာကွယ်ပေးရန်လည်း သမ္မတဂျိုးဘိုင်ဒင်အစိုးရကို အကူအညီတောင်းခဲ့ကြသည်။

အမျိုးသမီးတစ်ဦးက သူမ၏ တာလီဘန်တို့အန္တရာယ်မှ လွတ်ကင်းအောင် လွန်ခဲ့သည့် ၂၁ နှစ်ကပင် အမေရိကန်သို့ ရောက်ရှိခဲ့ကြောင်း၊ အာဖဂန်နစ္စတန်တွင် ကျန်ရစ်နေသည့် သူမ၏ မိသားစုကို မကယ်တင်နိုင်၍ ကြေကွဲဝမ်းနည်းရကြောင်း မျက်ရည်များဖြင့် ပြောကြားခဲ့သည်။ အာဖဂန်ပြည်သူများ၏ အခွင့်အရေးကို ဝိုင်းဝန်းစဉ်းစားပေးကြရန်လည်း သူမက တောင်းဆိုခဲ့သည်။

အလားတူဆန္ဒပြမှုများကို လန်ဒန်နှင့် ဘာလင်အပါအဝင် မြို့ကြီး ၃၀ ကျော်တွင် ပြုလုပ်ခဲ့ကြသည်။

အာဖဂန်နစ္စတန်တွင် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုအန္တရာယ်သည် မြင့်မားနေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရက သတိပေးထားသည်။

ကဘူးလ်မြို့တော်လေဆိပ်တွင် လာမည့် ၂၄ နာရီမှ ၃၆ နာရီအတွင်း ကဘူးလ်မြို့လေဆိပ်တွင် နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်နို်ငသေးကြောင်း ဩဂုတ် ၂၈ ရက်က သတိပေးပြောကြားထားသည်။

“မြေပြင်အခြေအနေမှာတော့ အရမ်းပဲ အန္တရာယ်များနေပါသေးတယ်။ လေဆိပ်မှာ အကြမ်းဖက်တိုက်ခိုက် ဖြစ်နိုင်ခြေများနေသေးတယ်။ နောက် ၂၄ နာရီကနေ ၃၆ နာရီအတွင်း တိုက်ခိုက်မှု ဖြစ်နေခြေများနေသေးတယ်လို့ ကျွန်တော်တို့ တပ်မှူးတွေက သတင်းပို့ထားပါတယ်” ဟု သမ္မတဘိုင်ဒင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟာမစ်ကဇိုင်း နိုင်ငံတကာလေဆိပ်တွင် ဩဂုတ် ၂၆ ရက်က အသေခံဗုံးဖောက်ခွဲမှုနှင့် ISIS-K အုပ်စု လက်နက်ကိုင်များကြောင့် အမေရိကန်ဝန်ထမ်း ၁၃ ဦးနှင့် အာဖဂန်အရပ်သား ၁၆၉ ဦးတို့ သေဆုံးခဲ့ပြီးနောက် သမ္မတဘိုင်ဒင်က ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required