ဒလိုင်းလားမား၏ ဓာတ်ပုံများနှင့်အတူ တွေ့ရှိသည့် လူ ၆၀ ကို တိဘက်ဒေသအရှေ့ပိုင်းတွင် ရဲများက ဖမ်းဆီး

By Phayul Newsdesk
31 August 2021
ဒလိုင်းလားမား၏ ဓာတ်ပုံများနှင့်အတူ တွေ့ရှိသည့် လူ ၆၀ ကို တိဘက်ဒေသအရှေ့ပိုင်းတွင် ရဲများက ဖမ်းဆီး

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ ဓာတ်ပုံများနှင့်အတူ တွေ့ရှိခဲ့သူ လူ ၆၀ ခန့်ကို တိဘက်ဒေသအရှေပိုင်း ဒီဇာဝန်ပိုမြို့တွင် တရုတ်အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖမ်းဆီးလိုက်သည်။

တိဘက်အရှေ့ပိုင်းဒေသမှ စီချွမ်ပြည်နယ်ဟုခေါ်သည့် ကာ့ဒ်ဇီဒေသတွင် ရဲများက ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ရဟန်း ၁၉ ပါးနှင့် ဒေသခံပြည်သူ ၅၀ တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်သော အာရှရေဒီယို (RFA) သတင်းဌာနက ဖော်ပြခဲ့သည်။

ဖမ်းဆီးလိုက်သူများကို ဆာရွှယ်စီရင်စု ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဩဂုတ် ၂၅ ရက်တွင် အသက် ၁၈ နှစ်အထက် ဒေသခံများကို အစည်းအဝေးခေါ်ယူ၍ ဒလိုင်းလားမား၏ ဓာတ်ပုံများကို ထားရှိခြင်း သို့မဟုတ် ၎င်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖုန်းများပေါ်တွင် မျှဝေခြင်းတို့ မပြုလုပ်ရန် သတိပေးခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

တားမြစ်ပိတ်ပင်ထားသည့် ဓာတ်ပုံများကို ထိုနေ့၌ပင် မြို့အတွင်း လိုက်လံရှာဖွေခဲ့ကြပြီးနောက် ဒီဇာဝန်ပိုမြို့တွင် အစည်းအဝေးများကို ခေါ်ယူပြီး ဒလိုင်းလားမား၏ ဓာတ်ပုံများကို သိမ်းဆည်းထားခြင်း သို့မဟုတ် ၎င်း၏ ဓာတ်ပုံများကို အွန်လိုင်းတွင် ဖြန့်ဝေခြင်းတို့ မလုပ်ဆောင်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ကြရသည်။ ဒေသတွင်းရှိ သက်တမ်းကြာမြင့်သည့် အိမ်ကြီးအိမ်ကိုလည်း သန့်ရှင်ရေး လုပ်ရန် လိုအပ်သည်ဟု အကြောင်းပြချက်ဖြင့် အာဏာပိုင်များက ဝင်ရောက် စစ်ဆေးခဲ့ပြီး တားမြစ်ထားသည့် ဓာတ်ပုံများကို သိမ်းဆည်းကာ သမ္မတရှီကျင့်ဖျင်နှင့် အခြားတရုတ်ခေါင်းဆောင်တို့၏ ဓာတ်ပုံများကို အစားထိုးရန် နေထိုင်သူများကို ပေးခဲ့သည်။

ဒီဇာဝန်ပိုမြို့သည် ၂၀၀၈ ခုနှစ်မှစ၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။ ဒေသတွင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းက ဆယ်ကျော်သက်အရွယ် တာမီအမည်ရှိ ရဟန်းတစ်ပါးသည် ယခုနှစ် ဇန်နဝါရီလအတွင်းက တရုတ်အကျဉ်းထောင်အတွင်း ဒဏ်ရာများနှင့် ပျံလွန်တော်မူခဲ့သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်၊

နိုဝင်ဘာလအတွင်းက တိဘက်လွတ်လပ်ရေးအတွက် ဒေသခံရဲစခန်းတစ်ခုအပြင်ဖက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly