ကစားသမားများ၏ သစ္စာဖောက်ခြင်းကို ခံရသည်ဟု ခံစားရကြောင်း မော်ရင်ဟိုပြော

ကစားသမားများ၏ သစ္စာဖောက်ခြင်းကို ခံရသည်ဟု ခံစားရကြောင်း မော်ရင်ဟိုပြော

လန်ဒန်၊ ဒီဇင်ဘာ ၁၅ ။          ။ လက်စတာအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်တွင် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ကစားသမားများ၏ သစ္စာဖောက်ခြင်းကို ခံရသည်ဟု ခံစားရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်တွင် ချယ်လ်ဆီးအသင်းသည် ကိုးပွဲအထိရှုံးနိမ့်ထားပြီး အဆင့် ၁၆ သို့ရောက်ရှိနေကာ တန်းဆင်းဇုန်မှအသင်းဖြင့် ရမှတ်တစ်မှတ်သာ ကွာဟလျက်ရှိသည်။

မော်ရင်ဟိုမှာ လက်စတာနှင့်ပွဲမှ ၎င်းအသင်း၏ ကစားပုံကို စိတ်ပျက်လျက်ရှိသည်။ 'လက်စတာအသင်းက အနိုင်ရဖို့ ထိုက်တန်ပါတယ်။ သူတို့ဟာ အချိန်တော်တော်ကြာကြာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော့်အသင်းက အသင်းကောင်းလို့ ထင်ပါတယ်။ ဒါပေမဲ့ မိနစ် အစိတ်၊ သုံးဆယ်လောက်ပါပဲ။ လက်စတာကတော့ ၁ နာရီလောက် ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။

လက်စတာအသင်းက ပွဲအပေါ် အာရုံအပြည့်စူးစိုက်ထားပြီး ဘယ်လိုအမှားမျိုးကိုမှ မလုပ်ခဲ့ပါဘူး။ ကစားသမားအားလုံးက စိတ်ဓာတ်ကောင်းကောင်း၊ မြင့်မားတဲ့ အရှိန်အဟုန်နဲ့ မာမာထန်ထန် ကစားခဲ့ကြပါတယ်။ နှစ်ဂိုးပေးခဲ့ရတာက အသင်းကို ခက်ခဲသွားစေပါတယ်။ ဒါက လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော့်ရဲ့ အကောင်းဆုံးစွမ်းရည်က ကစားသမားတွေအတွက် ပြိုင်ပွဲရဲ့အခြေအနေကို ဖတ်ရှုတာပါပဲ။

ဗာဒီသွင်းသွားတဲ့ ပထမဂိုးက နောက်ခံအတွင်းလူနှစ်ယောက်ကြားကနေ သွင်းသွားတာဖြစ်ပြီး မာရက်ဇ်ရဲ့ ဂိုးက တစ်ဦးချင်းဖြတ်ကျော်ပြီးသွင်းသွားခဲ့တာပါ။ နှစ်ဂိုးစလုံးက လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ ကျွန်တော့်ရဲ့အလုပ်မှာ သစ္စာဖောက်တယ်လို့ ခံစားရပါတယ်' ဟု မော်ရင်ဟိုက ပြောသည်။

ချယ်လ်ဆီးအသင်းမှာ ယခုအချိန်တွင် အဆင့်လေးနေရာမှ မန်ယူအသင်းနှင့် ၁၄ မှတ် ကွာဟလျက်ရှိသည်။ ယခုပွဲမတိုင်မီက အဆင့်လေးအတွင်း ဝင်နိုင်သေးသည်ဟု ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်မှု 'မော်ရင်ဟိုက အဖြေကရှင်းနေပါပြီ။ မဖြစ်နိုင်တော့ပါဘူး' ဟု ပြောဆိုခဲ့သည်။

Ref: Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly