သံအမတ်ကြီးဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန်ကြံစည်မှုတွင် နောက်ကွယ်ကလက်မဲကြီး အေကေ

သံအမတ်ကြီးဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန်ကြံစည်မှုတွင် နောက်ကွယ်ကလက်မဲကြီး အေကေ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန်ကြံစည်ရာတွင် နောက်ကွယ်က စေခိုင်းခဲ့သူမှာ ဟိုတယ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးအေးကိုဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

အေကေ ဟု လူသိများသော  လုပ်ငန်းရှင် ဦးအေးကိုက ရဲဟိန်းဇော်မှတဆင့် ဖြိုးဟိန်းထွဋ်ထံ အမေရိကန်ဒေါ်လာ ၄၀၀၀ ပေးကာစေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များအရသိရသည်။

ရဲဟိန်းဇော်နှင့် ဖြိုးဟိန်းထွဋ်တို့သည် ဦးကျော်မိုးထွန်းကိုအန္တရာယ်ပြုရန်ကြံစည်ရာတွင်ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (FBI) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း နယူးယောက်တောင်ပိုင်း အစိုးရရှေ့နေရုံးက သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၆၀ ဝန်းကျင်ရှိ ဦးအေးကိုနှင့် ရဲဟိန်းဇော်၏ဖခင်ဖြစ်သူ အထူးစုံစမ်းရေးဦးစီးဌာန အောက်မြန်မာပြည် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအေးသိန်းတို့သည် မိတ်ဆွေရင်းများဖြစ်ကြသည်။

" ရဲဟိန်းဇော်ကို ဘန်ကောက်ကကုမ္ပဏီမှာ ကိုယ်စားလှယ်ခန့်မယ်ဆိုတာပြောခဲ့တယ်" ဟု ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်ကို FBI က ဖမ်းဆီးပြီးနောက်ပိုင်း ဦးအေးကိုက ရဲဟိန်းဇော်၏မိသားစုဝင်များကို " သူ တာဝန်ယူတယ်" ဟု ပြောခဲ့သော်လည်း နောက်ပိုင်းတွင် အဆက်သွယ်လုံးဝမရတော့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဦးအေးကိုသည် ၁၉၉၅ ခုနှစ်တွင်တည်ထောင်သော အေ၊ ကေ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီ လီမိတက်၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်ပြီး အစုရှယ်ယာဝင်ခြောက်ဦးရှိသည်။

မဇ္ဈိမက ဦးအေးကို၏ A.K Construction and Industry Company Limited ရုံးသို့ဆက်သွယ်မေးမြန်းရာတွင် ဦးအေးကိုသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင်နေနေခဲ့သူဖြစ်သော်လည်း ရုံးနှင့်အဆက်သွယ်ပြတ်နေသည်မှာ တစ်လခန့်ရှိပြီဟုဆိုသည်။  

အချုပ်ကျနေသော ရဲဟိန်းဇော်ကို အာမခံဖြင့်ပြန်ထုတ်ရန် မိသားစုဝင်များက ကြိုးစားနေသော်လည်း အာမခံတန်ကြေး မြင့်မားလွန်းနေ၍ ညှိနှိုင်း၍မရသေးဘဲဖြစ်နေသည်။

ဖြိုးဟိန်းထွဋ်ဘယ်သူလဲ

ဖြိုးဟိန်းထွဋ်သည် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုရန်ပြုရန်နှင့် သတင်းအချက်အလက်များခိုးယူရန် ဦးအေးကိုက ခိုင်းစေခြင်းခံရသူဟု စွပ်စွဲခံထားရသူဖြစ်သည်။

ကိုဖြိုးဟုလည်း နယူးယောက်ရှိအသိုင်းအဝိုင်းက ခေါ်ကြပြီး သူ့ကိုသိသူအချို့၏မှတ်ချက်တွင် "ဟောင်ဖွာဟောင်ဖွာနိုင်သူ" "သိပ်ကျပ်မပြည့်ဘူး" ဟု မှတ်ချက်ပြုကြပြီး အလုပ်အကိုင်အတည်တကျမရှိဘဲ လူဆိုးဂိုဏ်များနှင့်လည်းပတ်သက်တတ်သူဟုဆိုကြသည်။

သူသည် မြန်မာပြည်တွင်ရှိစဉ်က "စစ်တပ်အသိုင်းအဝိုင်းမှ လူတစ်ချို့၏သားသမီးများနှင့်လည်း ပေါင်းသင်းဆက်နွယ်မှုရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေးတစ်ဦးဖြစ်သူ ကျော်ကျော်ထွန်းနိုင်လည်းပါဝင်သည်" ဟု Myanmar Now က ရေးသားသည်။

ဖြိုးဟိန်းထွဋ်၏ FBI သို့ထွက်ဆိုချက်တွင် သူ့ကို ငွေပို့ပေးသူမှာ မြန်မာလက်နက်ပွဲစားဟု ပါရှိသည်။ 

အမည်ဖော်ပြမထားသော ငွေပို့ပေးသူက ဖြိုးဟိန်းထွဋ်ကို ဖေ့စ်ဘွတ်နှင့် ဖေ့စ်တိုင်းမ်တို့မှဆက်သွယ်ခဲ့သည်ဟုလည်း FBI အစီရင်ခံစာတွင် ပါရှိသည်။

ဖြိုးဟိန်းထွဋ်ကို ခိုင်းစေချက်များတွင် ဦးကျော်မိုးထွန်းစီးသောကား၏တာယာများကို လူမိုက်များအကူညီဖြင့်ဖျက်စီးရန်နှင့် လူကိုဒဏ်ရာရအောင်လုပ်ကာ သံအမတ်ကြီးအဖြစ်မှနှုတ်ထွက်ရန် ဖိအားပေးခြင်း၊ မဖယ်ပေးပါက အသက်အန္တရာယ်ထိခိုက်စေမှုဆက်လက်လုပ်ရန်တို့ပါဝင်သည်ဟု FBI အစီရင်ခံစာများတွင် ပါရှိသည်။

ဦးအေးကိုသည် ဖြိုးဟိန်းထွဋ်နှင့် သဘောတူညီချက်ရယူပြီး ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ရဲဟိန်းဇော်ကို Zelle Payment Application ဖြင့် အမေရိကန် TD ဘဏ်အကောင့်ထဲမှသည် ငွေလွှဲခဲ့ကြောင်းနှင့် Zelle ၏ အကောင့် ငွေလွှဲကန့်သတ်ချက်ကြောင့် ဒေါ်လာ ၄၀၀၀ ကို နှစ်ကြိမ်ခွဲကာ လွှဲပေးခဲ့ရသည်ဟုလည်း FBI အစီရင်ခံစာများတွင် ပါရှိသည်။ အစီအစဉ်အထမြောက်လျှင် နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်လွှဲဖို့လည်း သဘောတူထားခဲ့ကြသည်ဟုလည်း သိရသည်။

ဖြိုးဟိန်းထွဋ်က သူ၏အစီအစဉ်ကို နယူးယောက်မြို့နေ ဦးသောင်းလှိုင်ကိုခေါ်၍ဖွင့်ချခဲ့ခြင်းဖြစ်ကာ ထိုမှတဆင့်  ပုဂ္ဂိုလ်ရေးအရနီးစပ်သူ သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်အတူ FBI ကိုသတင်းပို့အကြောင်းကြားခဲ့သည်ဟု Myanmar Now က ဦးသောင်းလှိုင်ကို ကိုးကားရေးသားထားသည်။ 
မဇ္ဈိမအနေဖြင့် ဦးအေးကိုသည် လက်နက်ပွဲစားလုပ်သည်ကို အတည်မပြုနိုင်သော်လည်း စစ်ဘက်နှင့် ပြည်ထဲရေးဌာန အရာရှိကြီးများနှင့်ဆက်စပ်ပတ်သက်မှုရှိသည်ကို အတည်ပြုနိုင်သည်။
ဦးအေးကိုနှင့် အစုရှယ်ယာဝင်တစ်ချို့ပိုင် ဟိုတယ် လုပ်ငန်းများတွင် မန္တလေးရှိ မင်းသားကြီးဟိုတယ်၊ မန္တလေးစီးတီးနှင့် ဟိုတယ်မန္တလေးတို့ပါဝင်သလို ရန်ကုန်ရှိ အိုလံပစ်ဟိုတယ်လည်း ပါဝင်သည်။  

AK Group ပိုင် ဟိုတယ်များနှင့် ပြဿနာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် AK Group ပိုင် မန္တလေးရှိဟိုတယ်သုံးလုံး၏ ပေါက်ဈေးထက်အဆမတန်လျော့နည်းနေသော မြေငှားခကိစ္စက မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင်ပင်ဆွေးနွေးခဲ့ရသောပြဿနာဖြစ်ခဲ့သည်။

 မန္တလေးမြို့တွင်းရှိမြေဧရိယာခြောက်ဧကကျော်ကျယ်သော မင်းသားကြီးဟိုတယ်၏မြေငှားခမှာ တစ်လလျှင် ခြောက်သိန်းကျော်၊ မြေဧရိယာတစ်ဧကခွဲခန့်ကျယ်သော ဟိုတယ်မန္တလေး၏ တစ်လစာမြေငှားခမှာ တစ်သိန်းကျော်နှင့် မြေဧရိယာတစ်ဧကကျော်ကျယ်သော မန္တလေးစီးတီးဟိုတယ်၏တစ်လစာမြေငှားခသည် ၁၁ သိန်းကျော်သာကျသင့်နေခဲ့မှုနှင့်ပတ်သက်၍ နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က လွှတ်တော်၌ မေးခွန်းထုတ်ခဲ့သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ထိုစဉ်က ဧရာဝတီသတင်းတစ်ပုဒ်တွင်  ရွှေမန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်၏မှတ်ချက်ကိုဖော်ကို ကိုးကားဖော်ပြထားရာ ဟိုတယ်မန္တလေးကဲ့သို့နေရာနှင့်မြေအကျယ်အဝန်းရှိဧရိယာအတွက် တစ်နှစ်မြေငှားခမှာ ကျပ်သိန်း ၄၀၀၀ အထက်၊ မန္တလေးစီးတီးဟိုတယ်နေရာဆိုလျှင် တစ်နှစ်ကျပ်သိန်း ၁၈၀၀ ခန့်နှင့် မင်းသားကြီးဟိုတယ်နေရာဆိုလျှင် တစ်နှစ်ကျပ်သိန်း ၂၅၀၀ ခန့်ပေါက်ဈေးရှိသည်ဟုပါဝင်သည်။

အဆိုပါဟိုတယ်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေများပေါ်တွင် BOT စနစ်ဖြင့် ငှားရမ်းထားခဲ့သည့်ဟိုတယ်များဖြစ်သည်။

မင်းသားကြီးဟိုတယ်သည် ချမ်းမြသာစည်လေဆိပ်အနီးရှိပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေစစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ် ဇွန်လ ၇ ရက်နေ့ ကုန်တိုက်နှင့် ကုန်လှောင်ရုံကိုမွမ်းမံပြီး အေကေဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းကုမ္ပဏီကို ငှားရမ်းခဲ့ကြောင်း The Voice ၏ ဆောင်းပါးတစ်ပုဒ်အရသိရသည်။ 

စတင်ငှားရမ်းစဉ်က တစ်လလျှင် ကျပ်လေးသိန်းကျော်နှုန်းဖြင့် နှစ် ၂၀ ငှားရမ်းစာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် သက်တမ်းကုန်ခါနီးနှစ်ရက်အလိုတွင် နှစ် ၇၀ သက်တမ်းတိုးခဲ့သည်ဟုလည်း ပါရှိသည်။ ကျန်ဟိုတယ်နှစ်ခုလည်း အလားတူပင် ပေါက်ဈေးထက်အဆမတန်နည်းပါးသောနှုန်းထားများဖြင့် မြေအငှားချထားခဲ့ခြင်းများပေါ်ပေါက်ခဲ့သည်။

ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်သော မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစည်းအဝေးတွင် အဆိုပါဟိုတယ်သုံးခုလုံး၏ ငှားရမ်းကာလသက်တမ်းတိုးမြှင့်ခြင်းမပြုရန် ထိုစဉ်က မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လွှတ်တော်တွင် ပြောဆိုခဲ့ကြောင်း The Voice ၏ ဆောင်းပါးတွင်ပါရှိသည်။

ထို့အပြင် ဟိုတယ်မန္တလေးသည် COVID-19 ဒုတိယလှိုင်းကာလက စက်တင်ဘာလ ၂၀၂၀ ခုနှစ်အတွင်း အနှိပ်ခန်းနှင့် ကာရာအိုကေခိုးဖွင့်ပြီး ဟိုတယ်ဝန်ထမ်းအမျိုးသမီးများအစုလိုက်အပြုံလိုက် COVID-19 ပိုးကူးစက်မှုပေါ်ပေါက်ခဲ့သည်။ သို့သော် ဟိုတယ်ပိုင်ရှင် သို့မဟုတ် မန်နေဂျာတို့ ဖမ်းဆီးခံရခြင်းမရှိခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required