စစ်ကောင်စီက အသက်မပြည့်သေးသူ ၂ဦးကို သေဒဏ်ချမှတ်

စစ်ကောင်စီက အသက်မပြည့်သေးသူ ၂ဦးကို သေဒဏ်ချမှတ်

စစ်ကောင်စီက အသက် ၁၈ နှစ်မပြည့်သေးသူ နှစ်ဦးကို သေဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့က ထုတ်ပြန် ကြေညာသည်။

စစ်ကောင်စီ၏ သေဒဏ်ချမှတ်ခံရသူများတွင် အဆိုပါ နှစ်ဦးအပါအဝင်  စုစုပေါင်း၂၆ ဦးရှိပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံရသူမှာ ၃၉ ဦးရှိ၍ သေဒဏ်ချခံရသူ စုစုပေါင်း ၆၅ ဦးအထိ ရှိနေသည်။

ထို့အပြင် ဝရမ်းထုတ်ခံထားရ၍ တိမ်းရှောင်နေသူ ၁,၉၈၄ ဦးရှိပြီး  ၁၁၈ ဦးကိုလည်း အခြားသော ပြစ်ဒဏ်အမျိုးမျိုးဖြင့် မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်း ခံထားရသည်။

ယင်းသေဒဏ်နှင့် အခြားသော ပြစ်ဒဏ်ကျခံနေရသူများမှာ နွေဦးတော်လှန်ရေးလှုပ်ရှားမှု ကာလအတွင်း ဖမ်းဆီးချုပ်နှောင် ခံထားရသူများဖြစ်သည်ဟုဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီအာဏာ သိမ်းယူပြီးချိန် မှစ၍ သြဂုတ် ၂၇ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခံထား ရသူ စုစုပေါင်း ၅,၉၇၅ဦးရှိ၍ ယင်းအနက် ၂၅၈ ဦးသည် ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရသည်။

ပြန်လည် လွတ်မြောက်လာသူစာရင်းကိုလည်း အတည်ပြုလျက်ရှိပြီး အတည်ပြုပြီးပါက ထုတ်ပြန်ဖော်ပြပေးသွားမည်ဟု AAPP ၏ထုတ်ပြန်ချက်အရသိရသည်။

သြဂုတ် ၂၆ ရက် ည ၈ နာရီအချိန်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၂၁လမ်းတွင် စစ်အုပ်စု၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နွားနို့ရောင်းနေသူ ဦးသိန်းမင်းထွန်း(ခ) ဖာရွတ်မှာ လည်ပင်းကျည်ဆန် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တန်ဆည့်မြို့နယ်အတွင်း နွားစာကျွေးနေသည့် ဒေသခံ ကိုလွင်မိုးမှာလည်း  စစ်ကောင်စီ၏ စစ်ဆေးမေးမြန်းမှုကိုခံရနေချိန်တွင် ၎င်းတို့၏ ပစ်သတ်ခြင်းခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly