အမေရိကန်တပ်ဖွဲ့ဝင်များကို ကူညီပေးခဲ့သည့် အာဖဂန်စကားပြန်၏ ညီအကိုတော်စပ်သူကို တာလီဘန်တို့က သေဒဏ် ချမှတ်

အမေရိကန်တပ်ဖွဲ့ဝင်များကို ကူညီပေးခဲ့သည့် အာဖဂန်စကားပြန်၏ ညီအကိုတော်စပ်သူကို တာလီဘန်တို့က သေဒဏ် ချမှတ်

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့သည် အာဖဂန်စကားပြန်တစ်ဦး၏ ညီအကိုတော်စပ်သူအမျိုးသားတစ်ဦးကို အမေရိကန်တပ်ဖွဲ့ဝင်များအား အကူအညီပေးခဲ့သည်ဟု စွပ်စွဲရင်း သေဒဏ်ချမှတ်ခဲ့ကြောင်း စီအင်န်အင်န် သတင်းဌာနက သြဂုတ် ၂၃ ရက်က ဖော်ပြသည်။ အကြမ်းဖက်သမားများက အဆိုပါအမျိုးသားထံ ပေးပို့ခဲ့သည် စာများကို စီအင်န်အင်န်က ရရှိထားခဲ့သည်။

“မင်းဟာ အမေရိကန်တွေကို ကူညီပေးထားတယ်လို့ ငါတို့ မင်းကို စွပ်စွဲတယ်၊ နောက်ပြီး မင်းဟာ စကားပြန်တစ်ဦးဖြစ်တဲ့ မင်းရဲ့ ညီဖြစ်သူကို လုံခြုံရေးပံ့ပိုးပေးခဲ့တယ်လို့လည်း ငါတို့ မင်းကို စွပ်စွဲတယ်” ဟု တာလီဘန်တို့က အာဖဂန်အမျိုးသားထံ ပေးခဲ့သည့် စာများအနက် တစ်စောင်ထဲတွင် ရေးသားထားသည်။

အဆိုပါ အမျိုးသားသည် ကြားနာစစ်ဆေးမှုတစ်ခုကို တက်ရောက်ရန် ညွန်ကြားချက်တစ်ခုကို လျစ်လျူရှုခဲ့သဖြင့် ၎င်းကို မျက်ကွက်စစ်ဆေးပြီး အပြစ်ရှိကြောင်း သတ်မှတ်ကာ သေဒဏ်ချမှတ်ကြောင်း တာလီဘန်တို့၏ စာထဲတွင် ပြောထားသည်။

သြဂုတ်လအစောပိုင်းတွင် တာလီဘန်တို့သည် မြို့တော်ရှိ အရပ်ဒေသအားလုံးကို ထိန်းချုပ်ခဲ့ရာ သမ္မတ အာရှ်ရက်ဖ် ဂါနီကို ရာထူးကနေ ဆင်းရစေပြီး နိုင်ငံကနေ ထွက်ပြေးသွားစေခဲ့သည်။ ယင်းနောက်တွင် တာလီဘန်၏ နိုင်ငံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် နာအီးမ်က အာဖဂန်ရှိ စစ်ပွဲသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ကာ အာဖဂန်နိုင်ငံသားများနှင့် နိုင်ငံခြားသံတမန်များ၏

လုံခြုံရေးအတွက် အာမခံကြောင်း ကတိပြုခဲ့သည်။ ထို့ပြင် နိုင်ငံရေးအင်အားစုအားလုံးနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း ၎င်းက ထုတ်ဖော်ခဲ့သည်။

စစ်ပွဲဒဏ် ခံထားရသည့် အာဖဂန်နိုင်ငံကနေ အမေရိကန် တပ်ရုပ်ဆုတ်ခွာစဥ်အတွင်း ဖြစ်အံ့ဆဲဆဲ အန္တရာယ်နှင့် ရင်ဆိုင်နေရသော စကားပြန်များနှင့် အခြား အာဖဂန်များကို ကူညီရန် အမေရိကန် အပါအဝင် နိုင်ငံအများအပြားက လုပ်ဆောင်နေကြသည်။

အမေရိကန်တပ်ဖွဲ့ဝင်များကို ကူညီပေးထားခဲ့သည့် အာဖဂန်များကို ရွှေ့ပြောင်းကယ်ထုတ်မှုကို အဆင်ပြေချောမွေ့စေရန်အတွက် ယမန်နှစ် ဒီဇင်ဘာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အာဖဂန်နိုင်ငံသားများအတွက် ထပ်တိုး အထူးရွှေ့ပြောင်းဗီဇာ ၄,၀၀၀ ခွင့်ပြုပေးခဲ့သည်။ အော်ပရေးရှင်း မဟာမိတ် ခိုလှုံမှုအောက်တွင် ပထမဆုံးသော အာဖဂန်အုပ်စုသည် ဇူလိုင် ၃၀ ရက်တွင် အမေရိကန်သို့ ရောက်ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly