တရုတ် နောက်ခံပြု ကုမ္ပဏီများကြောင့် ပါပူဝါနယူးဂီနီ၏ ရွှေတူးဖော်ရေး အကျပ်ရိုက်မှု ပို၍ နက်ရှိုင်း 

တရုတ် နောက်ခံပြု ကုမ္ပဏီများကြောင့် ပါပူဝါနယူးဂီနီ၏ ရွှေတူးဖော်ရေး အကျပ်ရိုက်မှု ပို၍ နက်ရှိုင်း 

ဩဂုတ် ၂၇

COVID-19 ကပ်ဘေးက ပါပူဝါနယူးဂီနီ၏ စီးပွားရေးကို ကျုံ့ဝင်စေလျက်ရှိနေချိန် ထွက်ပေါက်အဖြေများအတွက် ထိပ်တန်းတာဝန်ရှိသူတစ်ဦး တံဆိပ်ကပ်ပြောဆိုသော ‘မကောင်းဆိုးဝါး’ ဆိုသည့်အပေါ် နိုင်ငံက အလေးဂရုပြုနေရတော့သည်။ 

ကနေဒါ လုပ်ငန်းစုကြီး Barrick Gold နှင့် တရုတ်မိတ်ဖက် Zijin Mining တို့ ပူးတွဲလုပ်ကိုင်နေသော နိုင်ငံကုန်းမြင့်ဒေသရှိ Porgera ရွှေတွင်းမှ တူးဖော်ရေးလုပ်ငန်းများ ရပ်တန့်ရေး ကာလရှည်အားထုတ်နေမှုများကို ပါပူဝါနယူးဂီနီနိုင်ငံသည် ဧပြီလအတွင်း တပ်ခေါက်နောက်ဆုတ်ခဲ့ရသည်။ ယင်းအစား ထို ကုမ္ပဏီများနှင့် မိတ်ဖက်ပြုမှုကို သက်တမ်းထပ်တိုးရန် ရွေးချယ်ခဲ့ရသကဲ့သို့ တရားရေး အငြင်းပွားမှုကိုလည်း အဆုံးသတ်ပေးခဲ့ရသည်။ 

“Barrick ကုမ္ပဏီက ကျွန်တော်တို့ကို တရားစွဲဆိုထားပေမယ့် ကျွန်တော်တို့ဖက်ကတော့ အလိုက်သင့် လုပ်ဆောင်နေတယ်၊ မကောင်းဆိုးဝါးနဲ့ အလုပ်တွဲလုပ်တာ ပိုကောင်းတာ ခင်ဗျားတို့ သိကြလား”ဆိုပြီး သတ္တုတွင်းဝန်ကြီး ဂျွန်ဆင်တူကီက အသွင်သစ်ဖော်ဆောင်သည့် သဘောတူညီချက်အတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောခဲ့ကြောင်း Radio New Zealand အရ သိရသည်။ တက်ရောက်လာသူများမှ Barrick ကုမ္ပဏီ ကိုယ်စားလှယ်များသည် ရယ်နေ၊ ပြုံးနေခဲ့ကြောင်း ယင်း သတင်းက ဆိုသည်။ 

မရယ်နိုင်၊ မပြုံးနိုင်ကြသူများမှာ ထို ရွှေတွင်းနှင့် အခြား သတ္တုတူးဖော်ရေးများကို ရေရှည်ကန့်ကွက်ဆန့်ကျင်နေကြသော တက်ကြွလှုပ်ရှားသူများနှင့် မြေပိုင်ရှင်များပဲ ဖြစ်ကြသည်။ ပါပူဝါနယူးဂီနီအတွက် သတ္တုတူးဖော်ရေးလုပ်ငန်းများသည် အသက်မွေးဝမ်းကျောင်း၊ သဘာဝပတ်ဝန်းကျင်၊ သံတမန်ဩဇာအာဏာနှင့် ဒေါ်လာဘီလီယံများစွာကြားတွင် ရှေ့တိုးမဝံ့ နောက်ဆုတ်ရခက် အခြေအနေနှင့် အကျပ်ရိုက်လျက် ရှိနေသည်။ 

လူမှုအဖွဲ့အစည်းများက ၎င်းတို့၏ သယံဇာတရင်းမြစ်များကို ထုတ်ယူနေကြသည့် အဆိုပါ နိုင်ငံတကာ ကုမ္ပဏီကြီး နှစ်ခုထံမှ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို တောင်းဆိုနေကြခြင်းအားဖြင့် နိုင်ငံအတွင်း တင်းမာမှုများက မြင့်မားလို့ လာနေသည်။ တရုတ်၏ ပစိဖိတ်၌ တည်ရှိမှု ကြီးထွားလာခြင်းကြောင့် ပြည်တွင်းရေးရာ စဉ်းစားသုံးသပ်မှုများ နောက်ကွယ်မှာလည်း ကြီးမားသော ပထဝီနိုင်ငံရေး အကြောင်းချင်းရာက အရိပ်လွှမ်းထားသည်။ 

Barrick နှင့် Zijin Mining ကုမ္ပဏီတို့သည် တရားမဝင် ရွှေများ ခိုးထုတ်ရန် ကြိုးပမ်းနေသည်ဟု ပါပူဝါနယူးဂီနီ၏ သတ္တုတူးဖော်ရေး စည်းကြပ်သူများက စွပ်စွဲထားပြီး ယင်း ကုမ္ပဏီများကမူ ငြင်းဆန်သည်။ ဒေသခံများက အကျိုးအမြတ်တွင် မျှတသော ဝေစုကို မရရှိကြောင်း တိုင်တန်းကြသည်။ အသစ် သဘောတူညီချက်အရတော့ ပါပူဝါနယူးဂီနီအစိုးရသည် အဆိုပါ ဖက်စပ်လုပ်ငန်း၌ ရှယ်ယာအများစုကို လက်ရှိ၌ ရယူထားပြီ ဖြစ်သည်။ 

ကမ္ဘာ့အကြီးဆုံးထဲမှ တစ်ခုဖြစ်လာမည့် ရေရှည်စီမံကိန်းဖြစ်သော တရုတ်ကျောထောက်နောက်ခံပြုသည့် ရွှေမိုင်းတွင်းကုမ္ပဏီအတိုင်းပင် အန်ဂလို-ဩစတြေးလျ မိုင်းကုမ္ပဏီ Rio Tinto ကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးလျက် ရှိနေသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့မှုအတွက် မိုင်းလုပ်ငန်းများနှင့် ပတ်သက်သော ပဋိပက္ခများကို ဖြေရှင်းရေးက အလွန်အရေးကြီးသည်ဟု ကမ္ဘာ့ဘဏ်က ပြောဆိုထားသည်။ 

Barrick-Zijin ပူးတွဲကုမ္ပဏီနှစ်ရပ် လုပ်ကိုင်နေသော ရွှေတူးဖော်ရေးမိုင်းတွင်း၏ မနှစ်မြို့ဖွယ်ရာပုံရိပ်ကို လူထုအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး အုပ်စုများက ပုံဖော်ကြပြီး ယင်း မိုင်းလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းလိုက်နာမှုနှင့် ၂၀၁၁ ခုနှစ်အတွင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က လွန်ကျွံ့အင်အား အသုံးပြုထားသည်ဟု စွပ်စွဲထားသော လုံခြုံရေးအဖွဲ့များနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ကြခြင်းပဲ ဖြစ်သည်။ 

ထို မိုင်းတွင်းလုပ်ငန်းဧရိယာတွင် အမျိုးသမီးများအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုပေါင်းများစွာ ကျူးလွန်မှု ရှိနေသည်ဟု စွပ်စွဲချက်များ ပေါ်ထွက်ရာ ၂၀၁၅ ခုနှစ်တွင် လျော်ကြေးပေး ကျေအေးခဲ့ရခြင်းများ ရှိခဲ့သည်။ ထိုအချိန်က Barrick မှ ပြောခွင့်ရသူတစ်ဦးက “Porgera မိုင်းတွင်းဖက်စပ်လုပ်ငန်းက လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကို ကိုင်တွယ်ဖြေရှင်းရေး ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ထိခိုက်နစ်နာသူတွေကို ကုစားဖြေသိမ့်ပေးတာနဲ့ ဒီလို ဖြစ်ရပ်မျိုးတွေ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် သေသေချာချာ လုပ်ဆောင်ပေးခဲ့တယ်”ဟု ပြောကြောင်း The Guardian သတင်းစာက ကိုးကားဖော်ပြခဲ့ပါတယ်။ 

သိပ်မကြာသေးခင် ပြီးခဲ့သည့်နှစ်၌ ပြည်နယ်အစိုးရ ကျောထောက်နောက်ခံဖြင့် လူပေါင်း ၈၀၀၀ နီးပါးသည် တရုတ်ပိုင် Ramu NiCo မိုင်းလုပ်ငန်းကို တရားစွဲဆိုခဲ့သည်။ အနီးက ဘာဆာမတ်ပင်လယ်အော်အတွင်းသို့ အဆိပ်အတောက်ဖြစ်သော အရည်များ ယိုစိမ့်စီးဆင်းခဲ့မှုကြောင့် တရားစွဲကြခြင်း ဖြစ်သည်။ ယင်း ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Wang Baowen က စုံစမ်းစစ်ဆေးမှုများကို အရင်းခံပြီး ‘လျော်ကြေးပေး ဖြေရှင်းပါမည်’ဟု ကတိပြုပြောဆိုလာခဲ့ကြောင်း ဩစတြေးလျ အများပိုင်ရုပ်သံ ABC သတင်းက ကိုးကားဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်နှစ်ထဲမှာပင် Rio Tinto ကုမ္ပဏီသည် ၎င်း၏ လုပ်ငန်းရပ်သွားပြီဖြစ်သော Panguna ကြေးနီမိုင်းဟောင်း၌ ၁၉၇၂ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်း မိုင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်ကာလအတွင်း ရေများ အဆိပ်အတောက်ဖြစ်စေခဲ့သည်ဟု အတည်ပြုချက်များနှင့် ဆက်စပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် စွပ်စွဲခံရပြန်သည်။ ထို ကြေးနီမိုင်းကြောင့် ရွေးချယ်စရာ မရှိသော ဒေသခံမိသားစုများသည် ‘ရေထုညစ်ညမ်းရသော မြစ်များမှ ရေကို ချိုးခြင်း၊ လျှော်ဖွတ်ခြင်းများအတွက် ဆက်ပြီး သုံးစွဲနေခဲ့ရသည်’ဟု ဩစတြေးလျ လူ့အခွင့်အရေးဥပဒေစင်တာက ဆိုသည်။ 

Panguna ကြေးနီမိုင်းကြောင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများနှင့် ပတ်သက်ပြီး လွတ်လပ်သော အကဲဖြတ်ခြင်းအတွက် ရန်ပုံငွေ ပေးအပ်ရန် Rio Tinto က ပြီးခဲ့သည့်လတွင် နောက်ဆုံး သဘောတူလာခဲ့ရသည်။ “ကျွန်တော်တို့ ဒီ အရေးအပေါ် စိတ်ရောကိုယ်ပါ အာရုံစိုက်ပါတယ်။ မကောင်းကျိုး သက်ရောက်မှုတွေမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်မှု ရှိသလားဆိုတာကို ဆန်းစစ်အကဲဖြတ်သွားဖို့ ကျွန်တော်တို့ အာမခံပါတယ်”ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ 

ထိုပြင် နိုင်ငံအတွက် ဆုလာဘ်ကြီးတစ်ပါးအဖြစ် Frieda River မိုင်းလုပ်ကွက်ကြီးကို အဆိုပြုထားခြင်း ရှိနေသည်။ ယင်း မိုင်းလုပ်ကွက်ကြီးသည် ဟတ်တာ ၁၆၀၀၀ လွှမ်းခြုံထားပြီး ရွှေ၊ ငွေနှင့် ကြေးနီများကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုး နှစ် ၃၀ ကျော်ကြာ တူးဖော်နိုင်မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံပိုင် Guangdong Rising Assets Management ကုမ္ပဏီကြီး ‘မဟားတရား သိမ်းပိုက်ထားသည်’ဟု ရည်ညွှန်းခံရသော သတ္တုတူးဖော်ရေးဈေးကွက်တွင် Frieda River မိုင်းတူးဖော်ရေးလုပ်ကွက်ကြီးအတွက် အဆိုပါ တရုတ် ကုမ္ပဏီကြီးပိုင် ဩစတြေးလျ မှတ်ပုံတင် PanAust ကုမ္ပဏီက လုပ်ငန်းလုပ်ကိုင်ခွင့် ပါမစ်ရရေး ကြိုးပမ်းလျက် ရှိနေသည်။ 

Frieda မြစ်နှင့် မြစ်လက်တက်များ၊ ၁၁၂၆ ကီလိုမီတာ အရှည်ရှိ Sepik မြစ်တို့ စီးဆင်းရာ မြစ်ဝှမ်းဒေသဝန်းကျင်တွင် နေထိုင်နေကြသူ ဒေသခံများသည် ယင်းမြစ်များကို အမှီပြုရပ်တည်နေကြခြင်း ဖြစ်သည်။ နှစ်များစွာကပင် ရွာသူရွာသားများသည် အပူပိုင်းဒေသတစ်လျှောက် လမ်းကြောင်းတစ်ရပ်ကို ဖြတ်လျက် ကနူးလှေများဖြင့် ရေလမ်းကြောင်း သုံးရပ်တွင် သွားလာနေကြသည်။ မကြာသေးမီ၌ ယင်း ကနူးလှေများတွင် ‘တရုတ်ရဲ့ Frieda မိုင်းလုပ်ငန်း ရပ်တန့်’ ဆိုသော စာတမ်းများကို ချိတ်ဆွဲလာကြတော့သည်။ 

ယခု တရုတ်လုပ်ကိုင်ရန် ကြိုးပမ်းနေသော အဆိုပါ မိုင်းတွင်းအား အကောင်အထည် မပေါ်လာရေး တိုက်ပွဲဝင်ရာတွင် အနိုင်ရရန် အခြေခံလူတန်းစား ဆန္ဒပြအုပ်စု Save the Sepik အုပ်စုက စိတ်ပိုင်းဖြတ်ထားသည်။ 

Sepik မြစ်ကနေ ‘အစားအစာ၊ ရေ၊ ခိုလှုံရာနှင့် လေ’တို့ကို ရရှိနေခြင်းဖြစ်သည်ဟု Save the Sepik မှ ပြောခွင့်ရသူက Nikkei Asia သို့ ပြောသည်။ “မြစ်နေပြည်သူတွေအတွက် သွားရေးလာရေး အဆင်ပြေနေတာလည်း ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ အဆိုပါ မြစ်မှာ ဒေသခံများအတွက် ၎င်းတို့၏ ဖြစ်တည်မှု တစ်စိတ်တစ်ပိုင်းအဖြစ် နက်ရှိုင်းစွာ ဆက်စပ်နေခြင်းလည်းဖြစ်သည်ဟု ၎င်း ပြောခွင့်ရသူက ဆိုသည်။ 

“ဒီမြစ်ကြီးဟာ ကျွန်တော်တို့တွေ အပိုင်မဟုတ်ဘူး၊ အနာဂတ်က ပိုင်တာပဲ ဖြစ်တယ်”ဟု အကျိုးမမျှော်သော Project Sepik အဖွဲ့မှ အမ်မန်နျူရယ် ပီနီက Jubilee Australia Research Centre နှင့်အတူ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ရေးသားသည်။ “ကျွန်တော်တို့ဟာ Sepik မြစ်ရဲ့ အားမာန်ရဲ့ သွေးကြောတွေ ဖြစ်တယ်၊ မြစ်ကို ကာကွယ်သွားမယ် သူတွေ ဖြစ်တယ်၊ ကျွန်တော်တို့ဟာ ဒီ မြစ်ကြီးကို အသက်နဲ့အတူ စောင့်ရှောက်သွားမယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ Frieda မိုင်းလုပ်ကွက်ကြီးအား ပြည်နယ်ဆိုင်ရာ ဆန့်ကျင်မှုများလည်း ရှိပြီး ပြီးခဲ့သည့်နှစ်က East Sepik စုံညီအစည်းအဝေးတွင် ကန့်ကွက်ဆန့်ကျင်မဲ ပေးခဲ့ကြသည်။ အခြား ပြည်နယ်များကလည်း စုံစမ်းမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၀ ဇူလိုင်လအတွင်း၌ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ၁၀ ဦးသည် ပါပူဝါနယူးဂီနီနှင့် တရုတ်အပါအဝင် အစိုးရများစွာသို့ စာရေးသားပေးပို့ပြီး “ယင်း စီမံကိန်းနှင့် အကောင်အထည်ဖော်ဆောင်နေမှုသည် သက်ရောက်ခံရမည့် သူများအတွက် လူ့အခွင့်အရေးကို လျစ်လျူပြုရာ ရောက်လိမ့်မည်’ဟု စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly