အချိန်ပြည့် စိန်ခေါ်ခံနေရသည့် တရားဥပဒေ စိုးမိုးရေး

အချိန်ပြည့် စိန်ခေါ်ခံနေရသည့် တရားဥပဒေ စိုးမိုးရေး

ယခုလ လဆန်းပိုင်းက မသေမချင်း ကြိုးကွင်းစွပ်သတ်စေအမိန့် ကျခံခဲ့ရသည့်သတင်းကြောင့် လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ကြရပါတယ်။ သေဒဏ်ကျခံရတဲ့သတင်းထက် အဲဒီသေဒဏ်ကျခံရတဲ့ တရားခံက တရားရုံးကအထွက် ကားပေါ်မတက်ခင် ပရိတ်သတ်ကို အော်ဟစ်ပြောဆိုသွားတဲ့ စကား တစ်ခွန်းကြောင့် လူတွေက ပိုပြီးစိတ်ဝင်စားခဲ့ကြရတာပါ။ သူက သေမိန့်ချခံရတာနဲ့ပတ်သက်ပြီး ဘာမှ စိတ်မပူနဲ့ ထောင်ထဲမှာ သေမိန့်ကျပေမယ့် မသေတဲ့သူတွေ အများကြီးရှိတယ်ဆိုတဲ့အဓိပါ္ပယ်နဲ့ အော်ဟစ်ပြောဆိုသွားခဲ့ပါတယ်။

သေမိန့်ကျခံရတဲ့သူ ပြောဆိုလိုက်တဲ့စကားဟာ မိမိတို့နိုင်ငံ ဥပဒေနယ်ပယ်တစ်ခုလုံးကို လှောင်ပြောင်လိုက်သလို ဖြစ်တဲ့အကြောင်းနဲ့ မိမိတို့နိုင်ငံရဲ့ ဥပဒေကို အထင်အမြင်သေး နှိမ့်ချတဲ့ သဘော သက်ရောက်တဲ့အကြောင်း မိမိတို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို လူသတ်သမားက စိန်ခေါ် လိုက်တဲ့သဘောဖြစ်ကြောင်း လူအများက ထင်မြင်ချက် ပေးခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ လူကုန်ကူးမှုသတင်းကလည်း ကြားရသူအပေါင်း စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပါ တယ်။ ယခုနှစ် နှစ်အစမှ နှစ်ကုန်ကာနီးအချိန်အထိ လူကုန်ကူးမှု ၁၂၀ ဖြစ်ပွားပြီး လူကုန်ကူးခံရသူက လည်း ၆၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အများဆုံး ပို့ဆောင်ခြင်းခံရတဲ့ နိုင်ငံက တရုတ်နိုင်ငံ ဖြစ်တယ်လို့လည်း သိရပါတယ်။

တစ်ခါ ဖါးကန့်လို ကျောက်စိမ်းမြေမှာ တရုပ်နိုင်ငံက ကားနားပါတ်တောင်မပါတဲ့ကားတွေ ရာချီပြီး မြေကြီးတွေကို သည်အတိုင်း လူမြင်ကွင်းမှာ ပြောင်သယ်ယူသွားနေကြတဲ့သတင်းကိုလည်း မြင်ကြရ ကြားနေကြရပါတယ်။ ဒေသခံတစ်ဦးကဆိုရင် ညနေပိုင်းမြင်ရတဲ့ တောင်ကုန်းတွေဟာ နောက်တနေ့မှာ ချိုင့်ဝှမ်းကြီးတွေ မြင်မကောင်းအောင်ဖြစ်ကျန်နေရစ်ခဲ့ကြောင်း ထုတ်ဖေါ်ပြောဆိုတာ ကိုလည်း ဖတ်ကြရပါတယ်။

ဒါနဲ့တဆက်တည်း မိမိတို့နိုင်ငံမှာ အခုတလော ကြားနေပြန့်နေတဲ့သတင်းတွေထဲမှာ ကာလ တန်ဘိုး သန်းပေါင်းများစွာတန်တဲ့ မူးယစ်ဆေးပြားတွေ ပိုင်ရှင်မဲ့သိမ်းဆီးရမိနေတဲ့သတင်းနဲ့ သက်ငယ် အဓမ္မပြုကျင့်မှု သတင်းတွေပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးပြားတွေဟာ တစ်ခါတစ်လေ တင်လာတဲ့ကား ပါ ဖမ်းဆီးရတာဖြစ်ပေမယ့် ယခုအထိ လက်သည်တရားခံကို မိအောင် မဖေါ်ထုတ်နိုင်တဲ့ အင်မတန် ကြီးမားတဲ့ အမှုကြီးတွေဖြစ်တဲ့အကြောင်း ဖတ်ကြရပါတယ်။

ဒါ့အပြင် သက်ငယ်အဓမ္မပြုကျင့်ခံရမှုတွေများလွန်းလို့ ပြုကျင့်သူကို သေဒဏ်အထိ ချမှတ် သင့်ကြောင်း လွှတ်တော်ထဲမှာ အဆိုတင်သွင်းဆွေးနွေးကြရတဲ့အထိ အဓမ္မမှုတွေ မြင့်တက်လာနေ တာလည်း တွေ့ကြရပါတယ်။

ဒါဆိုရင် ဘာ့ကြောင့် မှုခင်းတွေဟာ၊ အထူးသဖြင့် တမျိုးသားလုံးကို ထိခိုက်စေလောက်တဲ့ ဥပဒေချိုးဖေါက်မှုတွေဟာ လျှော့ပါးမသွားပဲ ဘာ့ကြောင့် တိုးလို့တိုးလို့သာ ပေါ်ပေါက်လာရပါသလဲ။
ဥပမာ မူယစ်ဆေးတွေ အဘယ်၍အဘယ်မျှ သိမ်းဆည်းရမိ၊ အဘယ်၍အဘယ်မျှ မီးရှို့ဖျက် ဆီးဆိုတဲ့ သတင်းတွေ အကြိမ်ကြိမ် ကြားနေမြင်နေကြရတဲ့ကြားက ဒီမူယစ်ဆေး ရောင်းဝယ်မှု လုပ်ငန်းဟာ ဘာ့ကြောင့် ပိုမိုးဆိုးရွားစွာ တိုးပွားလာနေကြရသလဲ။ အရေအတွက်ကြီးမားလှတဲ့ အတိုင်းအတာနဲ့ မူးယစ်ဆေးတွေ အကြိမ်ကြိမ် ရန်ကုန်လို မြို့ကြီးပြကြီးအတွင်း သိမ်းဆီးရမိနေပါ သော်လည်း အဘယ့်ကြောင့် တရားခံမပေါ်ပဲဖြစ်နေရသလဲ။

အဖြေကို စဉ်းစားတဲ့အခါ တရားရုံးတွေမှာ ရုံးရဲ့ အမြင့်ဆုံးတရားသူကြီးကအစ ရုံးလုလင်အ ဆုံး အဂတိလိုက်စားမှုနဲ့ မကင်းနိုင်ကြဘူးဆိုတဲ့ ဝေဖန်သံတွေနဲ့ ဥပဒေစိုးမိုးအောင် အဓိကတာဝန် ယူကြရသူများ ကိုယ်၌က ဥပဒေ ချိုးဖေါက်ကြတာမျိုး၊ ဥပဒေချိုးဖေါက်သူကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရမယ့်အစား လာဘ်ပေးလာဘ်ယူပြီး ဥပဒေမဲ့ ဆောင်ရွက်မှုများကြောင့် ဖြစ်တယ်လို့ ယူဆကြရမှာပါ။

ဒါတွေဟာ တကယ်တော့လည်း အရင်းစစ်တော့ အမြစ်မြေဆိုသလို အဖက်ဖက်က ယိုရွင်းပြို ပျက်ခဲ့တဲ့ မှားယွင်းတဲ့စနစ်တွေကြောင့်သာ အခုလို ဖြစ်နေ ကြားနေကြရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မို့ မိမိတို့နိုင်ငံရဲ့ အချိန်ပြည့် စိန်ခေါ်ခြင်းခံနေရတဲ့ တရားဥပဒေစိုးမိုးမှု မှန်ကန်ထိရောက်ခိုင်မာဖို့အရေး ဘက်ပေါင်းစုံမှ အရေးယူပြုပြင်ဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly