အကြောင်းပြချက်မရှိ အိမ်ထောင်စုစာရင်း ကောက်ယူနေသည့်အပေါ် ဒေသခံများ စိုးရိမ်နေကြ

အကြောင်းပြချက်မရှိ အိမ်ထောင်စုစာရင်း ကောက်ယူနေသည့်အပေါ် ဒေသခံများ စိုးရိမ်နေကြ

ဩဂုတ်-၂၆

မန္တလေးတိုင်းဒသကြီး၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများက အကြောင်းပြချက်မရှိဘဲ အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူနေသည့်အပေါ် ဒေသခံအများစုက စိုးရိမ်နေကြကြောင်း မဇ္ဈိမကို ဆက်သွယ်ပြောဆိုသည်။

မတ္တရာမြို့နယ်အတွင်း ထားဝယ်၊ သရက်ကန်တောင်၊ ကန်ပိုင်၊ ကန်လယ်၊ တောင်ငူစု၊ တောင်းပြုန်းနှင့် နန္ဒာမြောက် စသည့် ကျေးရွာများကို ဩဂုတ် ၂၄ရက်က စတင်၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ အိမ်ထောင်စုစာရင်းများ လိုက်လံ ကောက်ယူနေကြောင်း ဒေသခံများက ပြောသည်။

"ဘာအတွက် ကောက်တယ်ဆိုတာ မသိတော့ စိုးရိမ်ရတယ်။၁၈နှစ်ပြည့်သူက ဘယ်နှစ်ယောက်၊ မပြည့်တာ ဘယ်နှစ်ယောက်ဆိုတာလည်း ကောက်နေတော့ စစ်ထဲပဲ သွင်းမလား ။ ပေါ်တာပဲ ဆွဲမလားဆိုတာ ကြောက်နေကြတယ် " ဟု ကန်ပိုင်ရွာသားတစ်ဦးကပြောသည်။

ထိုသို့ အကြောင်းပြချက်မရှိဘဲ အိမ်ထောင်စု စာရင်းကောက်ယူနေခြင်းကြောင့် လူငယ်အများစုသည်‌ နေထိုင်ရာကျေးရွာများမှ ရှောင်တိမ်း နေကြရသည်။

"သူတို့က ဘာရယ်လို့လည်း တိတိကျကျမပြောဘူး။ကောက်တဲ့စာရင်းတွေက သူတို့ကို ထောက်ခံတဲ့ စာရင်းပါလို့ လုပ်ရင် ဘယ်လိုလုပ်မလဲ။အဲဒါကိုလည်း စိုးရိမ်တယ်"ဟု ထားဝယ်ကျေးရွာသားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းအိမ်ကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး ဦးမင်းမင်းကို မတွေ့၍ ဖခင်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အချို့ကျေးရွာများတွင်လည်း PDF များလာရောက် ပုန်းခိုနေသည်ဟု အကြောင်းပြကာ ညအချိန် အကြမ်းဖက် ဝင်ရောက် ပစ်ခတ်ခြင်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly