အာရှအလယ်ပိုင်းနိုင်ငံဖြစ်သော အာဖဂန်နစ္စတန်၏ အခြေအနေမှာမရေရာဖြစ်နေသောကြောင့် ဒုက္ခသည်များကို လက်ခံရေးအတွက် အဆင်သင့်ပြင်ဆင်ထားရန် အာဖဂန်၏ အိမ်နီးချင်းနိုင်ငံများကို အာရှနှင့် ပဖိဖိတ်ဒေသ ဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ ပြောရေးဆိုခွင့်ရှိသူ ကက်သရင်း စတက်ဘာဖီးက Sputnik သို့ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်မှ နိုင်ငံသားများနှင့် သံတမန်ရေးဝန်များအား ကယ်ထုတ်ရေးလုပ်ငန်းကို အခြားနိုင်ငံများ ပြုလုပ်နေသကဲ့သို့ ကုလသမဂ္ဂအေဂျင်စီသည် ကိုယ်တိုင်မလုပ်ဆောင်ပဲ၊ တာလီဘန်(အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ထားပြီး၊ ရုရှားတွင်တားမြစ်ထားသည်) များ မသိမ်းပိုက်ခင်က အာဖဂန်နိုင်ငံသားက အနည်းငယ်ကသာ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
“ ဒီအဆင့်မှာ အဓိကစိုးရိမ်တာကတော့ နယ်စပ်တွေဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေသွားရောက်သူတွေ အပါအဝင် အာဖဂန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးပါပဲ။ UNHCR က အာဖဂန်နစ္စတန်မှာ ပိုမိုဆိုးရွားလာတဲ့ အကြပ်အတည်းတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သူတို့ရဲ့ နယ်စပ်တွေကို ဖွင့်ထားဖို့ တောင်းဆိုနေတယ်။ ” ဟု စတက်ဘာဖီးက ပြောကြားခဲ့သည်။
လက်ရှိတွင် အာဖဂန်ဒုက္ခသည် ၉၀ ရာခိုင်နှုန်းနီးပါးကို လက်ခံထားသည့် အီရန်နှင့် ပါကစ္စတန်အပါအဝင် အိမ်နီးချင်းနိုင်ငံများက အာဖဂန်နစ္စတန်မှ ဒုက္ခသည်များကို နှစ်ပေါင်း ၄၀ ကျော်လက်ခံခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အာဖဂန်ဒုက္ခသည်များ အစုလိုက်အပြုံလိုက် အိမ်နီးချင်းနိုင်ငံများသို့ ဝင်လာပါက ဗဟိုအာရှနိုင်ငံအတွက် အထောက်အပံ့ကိုမြှင့်တင်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြောရေး ဆိုခွင့်ရအရာရှိက ပြောကြားခဲ့သည်။
နိုင်ငံများ၏ လက်ရှိဒုက္ခသည်များ ဘေးလွတ်ရာရွေ့ပြောင်းရေးအစီအစဉ်များသည် အာဖဂန်နစ္စတန်နိုင်ငံသား အနည်းငယ်ကိုသာ ကယ်ထုတ်နိုင်ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလမှစ၍ ရွေ့ပြောင်းနေထိုင်သူ ၅၀ဝဝဝဝ
ကျော်အပါအဝင် အာဖဂန်နစ္စတန်တွင်ပြည်တွင်းရွေ့ပြောင်းနေထိုင်သူအရေအတွက်သည် လူ ၃ ဒသမ ၅ သန်းအထိရှိကြောင်း စတက်ဘာဖီးက ပြောကြားခဲ့သည်။
“အကာအကွယ်လိုအပ်နေတဲ့ အာဖဂန်လူမျိုးတွေကို ကယ်ထုတ်ဖို့ ဒါမှမဟုတ် ပြန်လည်နေရာချထားဖို့အတွက် နိုင်ငံပေါင်းများစွာက ပြုလုပ်နေတဲ့ စည်းလုံးညီညွတ်မှုကို UNHCR က ကြိုဆိုပေမယ့် ဒီကြိုးပမ်းမှုများက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကူညီလိုအပ်နေပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ သန်းနဲ့ချီတဲ့ အာဖဂန်လူမျိုးတွေ အတွက် အများကြီး လိုအပ်နေပါသေးတယ်” ဟု ပြောခွင့်ရ အမျိုးသမီးက ဆိုသည်။
အာဖဂန်နစ္စတန်ခိုလှုံခွင့်တောင်းခံသူများသည် အခြားနိုင်ငံများသို့ တိုက်ရိုက်သွားရေးအတွက် ယင်းကယ်ထုတ်ရေး အစီအစဉ်က ကြန့်ကြာခြင်း သို့မဟုတ် အာဖဂန်နစ္စတန်နိုင်ငံအတွင်း မရှိမဖြစ်လိုအပ်သောအကူအညီများကို အစားထိုးခြင်းမပြုသင့်ကြောင်း သူမက ပြောကြားခဲ့သည်။