မြန်မာတွင် နိုင်ငံရေးတည်ငြိမ်မှု ရရှိရေးအတွက် ဆက်လက်ပံ့ပိုးကူညီမည်ဟု တောင်ကိုရီးယား ပြော

မြန်မာတွင် နိုင်ငံရေးတည်ငြိမ်မှု ရရှိရေးအတွက် ဆက်လက်ပံ့ပိုးကူညီမည်ဟု တောင်ကိုရီးယား ပြော

ဩဂုတ် ၂၆
 
တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေးနှင့် ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရင်း ဆက်လက်ကြိုးပမ်းအားထုတ်မည် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ၏ အိမ်ပြာတော်ရုံးက ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်အတိုက်အခံပြုလျက် ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် ထောက်ခံကြောင်း ထုတ်ဖော်ရန် ဆိုးလ် အစိုးရထံ တောင်းဆိုသည့် အများပြည်သူ ပန်ကြားချက်တစ်ရပ်ကို ယင်းက တုံ့ပြန်ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

လူပေါင်း ၂၆၈,၀၀၀ ကျော် အတည်ပြုထားပြီး အိမ်ပြာတော်၏ ဝက်ဘ်ဆိုဒ်တွင် တင်ခဲ့သည့် အွန်လိုင်း မက်ဆေ့ချ်တစ်ခုတွင် ပန်ကြားလျှောက်ထားသူများက တောင်ကိုရီးယားအစိုးရကို မြန်မာ NUG အစိုးရနှင့်အကြား တရားဝင် သံတမန်ဆက်ဆံရေး အခိုင်အမာ ထူထောင်ရေး ပန်ကြားတောင်းဆိုခဲ့ကြသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေကို မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ပြည့်မီစေမယ့် ဦးတည်ရာတစ်ခုအတိုင်း ပြေလည်အောင် ဖြေရှင်းနိုင်စေဖို့အတွက် တောင်ကိုရီးယား အစိုးရအနေနဲ့ ထည့်ဝင် ကူညီထောက်ပံ့မှုတွေ ဆက်လုပ်သွားမှာဖြစ်ပြီး ရှေ့ဆက်သွားမှာဖြစ်ပါတယ်” ဟု အိမ်ပြာတော်ရုံးက ပြောသည်။

ထို့ပြင် တောင်ကိုရီးယားအနေဖြင့် NUG မှ တာဝန်ရှိသူများအပါအဝင် အဓိကကျသည့် တာဝန်ရှိသူများနှင့်အကြား “အမြဲမပြတ် ဆက်သွယ်ချိတ်ဆက်မှု” ရှိနေမည် ဖြစ်ကြောင်း ယင်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly