လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ အရေးပေါ် ပြောင်းရွှေ့နေရ

လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ အရေးပေါ် ပြောင်းရွှေ့နေရ
ဓာတ်ပုံ - မျိုးသူရကိုကို

လေးမျက်နှာ၊ ဒီဇင်ဘာ ၁၄ ။            ။ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ငဝန်မြစ်ကမ်း ကမ်းနားရပ်ကွက်တွင် ဒီဇင်ဘာ ၁၄ရက်နေ့ မနက် ၁နာရီခွဲအချိန်က ကမ်းပြိုကျခဲ့ရာ အိုင်သပြုကမ်းနား တစ်လျောက်ရှိ နေအိမ် ၃၀ ကျော် အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း သိရသည် ။

"မနေ့က အိမ် ၆လုံး နောက်ထပ် အိမ် ၂၆ လုံးထပ်ဖယ်ရပါတယ် ဘယ်ရွှေ့ပေးရမလဲတော့ မသိသေးဘူး အခုလောလောဆယ်တော့ အနားက ကျောက်ကွင်းမှာ အရေးပေါ် ဒုက္ခသည်စခန်းဖွင့်ထားရတယ် " အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က မဇ္ဇိုမကို အတည်ပြုပြောကြားသည် ။

 အဆိုပါ ငဝန်မြစ်ကမ်းပါးသည် နှစ်စဉ် ကမ်းပြိုလေ့ရှိသော်လည်း ယခုနှစ်တွင် အများဆုံးဖြစ်ပြီး အနှစ်၄၀ အတွင်း အဆိုးရွားဆုံး ကမ်းပြိုမှုဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည် ။

" အခုလောလောဆယ် ရပ်ကျေးက စီစဉ်ပေးတဲ့နေရာက ပိုင်ရှင်မရှိတဲ့နေရာဖြစ်တယ် ဒါပေမယ့် သူတို့အလုပ်လုပ်ကိုင်ဖို့အတွက် အရမ်းဝေးတဲ့နေရာဖြစ်နေတယ် ရေအခက်အခဲရှိတယ် သူတို့ အလုပ်အကိုင်အဆင်ပြေတဲ့နေရာမှာ မြေကွက်ကို ချထားပေးဖို့ မြို့နယ်ကိုတင်ပြဖို့ ရှိပါတယ် " ဟု လေးမျက်နှာမြို့နယ် အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဇော်မင်းသိန်းက မဇ္ဇိုမအား ဖြေကြား သည် ။

မြေအက်ကြောင်းများဖြစ်ပေါ်နေပြီး ယနေ့ဒီဇင်ဘာ ၁၄ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ ကမ်းပါးထပ်မံပြိုကျနေကြောင်း တွေ့ရသည် ။

အဆိုပါအိမ်များအား မီးသတ်တပ်ဖွဲ့မှကူညီ၍ နေရာရွှေ့ပြောင်းပေးနေပြီး လမ်းမီးတိုင်များအားလည်း တူးဖော်ရွှေ့ပြောင်းနေရကြောင်း တွေ့ရသည် ။

" ဗြုန်းစားကြီး ဒီလိုဖြစ်တော့ စိတ်ညစ်တာပေါ့ မနှစ်က မပြေလည်တော့ ဒီနှစ် အိမ်မဆောက်နိုင်ဘူး ဒါလေးနဲ့ပဲ ကပ်နေမယ်ဆိုပြီး နေနေရတာပါ ယောင်္ကျားကလည်း မျက်စိကွယ်နေတယ် တစ်နေ့လုပ်မှ တစ်နေ့စားနေရတာပါ ၃တန်းတက်နေတဲ့ သားလေးလည်းရှိပါတယ် အခု ဒီလိုဖြစ်တော့ အန်တီတို့မှာ ဘယ်နားသွားနေရတော့မှန်း မသိတော့ပါဘူးကွယ်" ဟု အိမ်ပြောင်းရွှေ့နေသူ အမျိုးသမီးတစ်ဦးက မဇ္ဇိုမသို့ ပြောသည် ။

ဒီဇင်ဘာလ ၁၄ရက်နေ့ မနက်ပိုင်း ၁၀နာရီအထိ ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ရသော အိမ်ခြေ ၃၂ အိမ်ရှိပြီး အိမ်ထောင်စုပေါင်း ၃၂ စု ကျား ၆၄ မ ၆၇ ရှိပြီး ထိုအထဲတွင် ၁၂နှစ်အောက်ကလေး ၄၄ ယောက် စုစုပေါင်း ၁၃၁ ယောက်ရှိကြောင်း ကနေဦးကောက်ယူထားသော စာရင်းများအရ သိရသည် ။

ယခုအချိန်အထိ ဒေသဆိုင်ရာအာဏာပိုင်နှင့် စေတနာရှင်ပြည်သူအချို့၏ ဆန် လှူဒါန်းမှုရှိနေသော်လည်း ဆောင်းတွင်းကာလဖြစ်သည့် အတွက်အနွေးအထည်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly