နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဩဂုတ် ၂၀၂၁)
(Photo : : CJ - ဩဂုတ်လ ၂၄ ရက်၊ မုံရွာမြို့နယ်မှ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မအမျိုးသမီးသပိတ်စစ်ကြောင်း)

ဩဂုတ်လ ၂၄ ရက်၊

စစ်ကောင်စီ

· မျက်စိ စုံမှိတ်ပြီး မိမိပြောချင်ရာပြော နေမည်ဆိုပါက ဒီမိုကရေစီ၏ အနှစ်သာရရှ မည်မဟုတ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာရန် ဒီမိုကရေစီ နည်းကျရွေးကောက်တင်မြှောက်ထားသည့် အစိုးရခေါင်းဆောင်များကို ဖမ်ဆီးပြီး တရားမဝင် အာဏာသိမ်း ယူခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

· မိမိတို့နိုင်ငံမှာ ငွေသားကို အဓိက သုံးစွဲလျက်ရှိပြီး E-Banking စနစ် သုံးစွဲမှု အားနည်းနေသေးပြီး မိမိတို့အား ထိခိုက်စေရန်အတွက် စီးပွားရေးအရ ဘဏ်စနစ်များမှတစ်ဆင့် တိုက်ခိုက်မှုများရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

· စီးပွားရေးပြန်လည်ဦးမော့လာစေရန်နှင့် ပြည်ပပို့ကုန်များ ဆောင်ရွက်နိုင်ရေးအတွက် မိုးရာသီတွင် စီးပွားရေးကို တိုက်ရိုက် အထောက်အကူပြုသည့် စိုက်ပျိုးရေးလုပ်ငန်းကို တွန်းအားပေးဆောင်ရွက်နေ ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

· ဒေါ်လာဈေးရွှေဈေး ဈေးကစားသူများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားသည်။

· NUG CRPH နှင့်၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ ငွေပစ္စည်းအထောက်အပံ့ပေးသူများ ကို အကြမ်းဖက် ဥပဒေဖြင့် အရေးယူပြီး သတင်းပေးသူများကို ဆုချီးမြှင့်ရန် ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးသိန်းညွှန့် ၊ မန်းငြိမ်းမောင်၊ဒေါ်အေးနုစိန်၊ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ဦးစိုင်းလုံဆိုင်၊ ဒေါက်တာဗညား အောင်မိုး၊ ဦးရွှေကြိမ်လုံး အစည်းအဝေးတွင် တိုက်တွန်းခဲ့ကြောင်း စကစ သတင်းများတွင်ဖော်ပြထားသည်။

· (၄၂)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ စစ်ကောင်စီရှေ့နေချုပ် ဒေါက်တာ သီတာဦး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထား သည်။

· ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့်အစိုးရအဖွဲ့ကို စစ်ကောင်စီမှ အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း စကစ သတင်းစာတွင်ဖော်ပြထားသည်။

· Myanmar Pressphoto Agency တွင်ဖော်ပြထားကဲ့သို့ အငြိမ်းစား စစ်မှုထမ်းများ၏ တစ်လုံတခဲတည်း ပင်စင်လစာငွေကို ကျပ်ငွေငါးသိန်းသာ ထုတ်ပေးသည်မှာ မဟုတ်မှန်ဘဲ အပြည့်အဝထုတ်ပေးနေသည်ဟု မြန်မာစီးပွားရေးဘဏ(ရုံးချုပ်) ချေးငွေစိစစ်ကြီးကြပ်ရေးဌာနခွဲ ဒုအထွေထွေမန်နေဂျာ ဒေါ်ဥမ္မာသန်း ပြောဆိုချက်ကို ကိုးကားပြီး စစ်ကောင်စီဝါဒဖြန်သတင်းစာတွင် ဖော်ပြထားသည်။

· ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များတွင် ULA/AA ၏ လှုပ်ရှားမှုများနှင့် တရားစီရင်ရေး လုပ်ငန်းများ ကို သတင်းပေးတိုင်ကြားကြရန် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၆ ဦးကို အစည်းအဝေးခေါ်ယူကာ ခလရ ၃၄ တပ်ရင်း၊ တပ်နယ်မှူးမှ ညွှန်ကြားခဲ့ကြောင်းသိရသည်။

· စစ်တပ်က အာဏာသိမ်းတာမဟုတ်ဘဲ ဒီမိုကရေစီလမ်းကြောင်းနှင့်အညီ ထိန်းသိမ်းခြင်းသာဖြစ်ကြောင်း စစ်ကောင်စီ၏ လက်ဝေခံ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုခရီးစဉ်တွင် စည်းရုံးပြောဆိုသွားသည်။

· စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၀ သန်းကို ဩဂုတ် ၂၃ရက် တွင် ထုတ်ရောင်းခဲ့ပြီး အာဏာသိမ်းပြီး နောက်ပိုင်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများကို ထုတ်ရောင်းခဲ့သည့် ခြောက်ကြိမ်‌ ထဲတွင် ယခုအကြိမ်မှာ အများဆုံးပမာဏ ဖြစ်သည်။

 

အမျိုးသားညီညွှတ်ရေးညွန့်ပေါင်းအစိုးရ

· ခါးသီးသည့်တချို့ဖြစ်ရပ်များသည် အမှတ်ရရုံဖြင့် မလုံလောက်ဘဲ အမှန်တရားကို ဖော်ထုတ်ရန်နှင့် တရားမျှတမှုကို ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရလူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဦးအောင်မျိုးမင်းကပြောသည်။

· မြန်မာနိုင်ငံတွင် “အမျိုးသားညီညွတ်ရေးအစိုးရ”သည် ပြည်သူ့ဆန္ဒနှင့်အညီ ပေါ်ပေါက် လာသည့် “တရားဝင်” ပြည်သူ့အစိုးရ ဖြစ်သည်ဟုလည်းကောင်း၊ စစ်ကောင်စီသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ “တရားမဝင်” အာဏာသိမ်းယူထားရုံသာမက ပြည်သူကိုဖိနှိပ် ညှင်းပမ်းသတ်ဖြတ်နေသော “အကြမ်းဖက် စစ်အုပ်စု” ဖြစ်သည်ဟုလည်းကောင်း မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် သက်သေ အထောက်အထား ဖြစ်စဉ်များက ဆုံးဖြတ်သတ်မှတ်ပြီးဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရမှ ထုတ်ပြန်သည်။

· အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်ကိုင်တုတ်များအဖြစ် ရပ်တည်နေခြင်းသည် အချုပ်အခြာ အာဏာကို အလွဲသုံးစားပြုခြင်း၊ ပြည်သူကို ပုန်ကန်ခြင်းဖြစ်သည့်အတွက် ပြည်သူ၏ အရေးယူဒဏ် ခတ်မှုကို မလွဲမသွေ ခံယူကြရမည် ဖြစ်ကြောင်းကို လေးလေးနက်နက် သတိပြုအပ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောသည်။

 

တော်လှန်ရေးလှုပ်ရှားမှုများ

· ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချိုနဲ့ ကျောက်မဲရှိ ပြည်သူ့ကာကွယ်ရေး ၇ ဖွဲ့ စုပေါင်းပြီး ရှမ်းမြောက် ကာကွယ်ရေးတပ်ဖွဲ့ (NSSDF)ကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

· စစ်ကောင်စီတပ်သားများအနေနှင့် လူထုနှင့်လာရောက်ပူးပေါင်းလျှင် လုံခြုံရေး အပြည့်အဝ တာဝန်ယူ ပေးမည်ဖြစ်ပြီး လက်နက်ခဲယမ်းပါ ပါလျှင် ဆုငွေပါချီး မြှင့်မည်ဖြစ်ကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ MB PDF က ဩဂုတ်လ ၂၃ ရက်နေ့တွင် ဖိတ်ခေါ်သည်။

· ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ကြားတွင် အကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား သြဂုတ်လ ၁၅ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အဆိုပါဒေသရှိ ကျေးရွာ ၄ ရွာမှ ဒေသခံရွာသား ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ ထံမှ သိရသည်။

· မကွေးတိုင်း၊ ဂန့်ဂေါ-ကလေး ကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၈ စီးပါ ယာဉ်တန်းကို ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကား ၄ စီး ပျက်စီးကာ စစ်သား ၃၀ ကျော် သေဆုံးဟု ဂန့်ဂေါ PDF မှ သတင်းထုတ်ပြန်သည်။

· စစ်အာဏာရှင် ကျဆုံးရေးအတွက် မန္တလေး သံဃသမဂ္ဂဆရာတော်များ သပိတ် စစ်ကြောင်းက ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ကြကြောင်း သိရှိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊မုံရွာ-အမြင့်လမ်းဘေးရှိကျေးရွာများ စုပေါင်းပင်မသပိတ် သည် ယနေ့တွင် မျိုး သမီးများ သပိတ်အဖြစ် "ဖိနှိပ်ခံအမျိုးသမီးတို့အရေးငါတို့အားလုံးအရေး"၊ "အမျိုးသမီးတို့ဘုန်းနဲ့ မုဒိန်းတပ်ကို ချေမှုန်းမယ်" ဟူသော ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဆင်ကုန်းရွာအနီး ကျောက်ပုထိုးလမ်းခွဲအကျော်တွင် စစ်ကားတစီး မိုင်းထိကာ မီးလောင်ပျက်စီးသွားပြီးကားပေါ်ပါသူများ သေဆုံးဒဏ်ရာရတာရှိသည့် အတွက် အနီးအနားက ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီ ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်သည့် လျှပ်တပြက် ဆိုင်ကယ်သပိတ်ကို ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင်ပြုလုပ်သည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်း ကျေးရွာများမှ တော်လှန်ကျောင်းသားပြည်သူများစုပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ၁၆၇ ရက်မြောက်သပိတ် စစ်ကြောင်း ဖြင့် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

· မန္တလေးမြို့တွင် အစစ်ဆေးအတားဆီးများနှင့်လူခြုံရေးတင်းကျပ်နေသည့်ကြားမှ "ကြောက်ခေတ်ကို မှောက်ပစ်ဖို့ စစ်မိန့်ကိုဆန့်ကျင်ကြ"၊ "စစ်အာ ဏာရှင် စနစ်ကို မကြိုက်ရင်စစ်အာဏာရှင်က ပေးတဲ့အမိန့်ကို လိုက်နာ စရာမလို"၊"မတရားတဲ့ အမိန့်မှန်သမျှ ရဲရဲတောက် ဆန့်ကျင်ကြ"၊ "စစ်အာဏာ ရှင်စနစ် မုချကျဆုံးရမည်" အစရှိသည့် လူထုလှုံ့ဆော်ရေးစာသားပါ စာရွက်များကို မန္တလေးမြို့လူစည် ကားရာစျေးနေရာများတွင် လိုက်လံကျဲဖြန့်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဗကသ ကျောင်းသား များက ယနေ့ လုပ်ဆောင်ကြသည်။

· မန္တလေးတွင် အရမ်းညီတဲ့ ချမ်း/စည် သပိတ်စစ်ကြောင်းက အိမ်စောင့် စစ်ခွေး မောင်းထုတ်ရေးအတွက် ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် ဆန္ဒပြကြသည်။

· မန္တလေးတွင် စစ်အာဏာရှင် မင်းအောင်လှိုင် ဖြုတ်ချရေး အတွက် မန္တလေး အထွေထွေတပ်ပေါင်းစု သပိတ်စစ်ကြောင်းသည်ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။

· စစ်အာဏာရှင် ကျဆုံးရေးအတွက် မန္တလေး သံဃသမဂ္ဂဆရာတော်များ သပိတ် စစ်ကြောင်းက ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ကြကြောင်း သိရှိရသည်။

· မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင် (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအတွင်းမှာ နေထိုင်သည့် အုပ်ချုပ်ရေးမှူး ဦးဌေးငွေ၏ နေအိမ်ဗုံးခွဲခံရပြီးနောက်မှာ ရာထူးက နှုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။

· ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ၇ ရပ်ကွက် တပ်မတော် အထည်ချုပ် စက်ရုံအတွင်းရှိ စစ်ကောင်စီ တပ်များကို သြဂုတ် ၂၃ ရက်နေ့ ည ၁ဝနာရီကျော်တွင် လှိုင်သာယာ မြို့ပြပျောက်ကျားတပ်ဖွဲ့ (CGF HTY)က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း CGF HTY က သတင်းထုတ်ပြန်သည်။

· ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက် ရှိ မိတ်ဆက် စားသောက်ဆိုင်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယမန်နေ့ ည ၇ နာရီကျော်ဝန်းကျင်က ဝင်ရောက်စီးနင်းပြီး စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် စုစုပေါင်း ပြည်သူ ၅ ဦးကို ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

· ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၏ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မြတ်သူသည် ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသွားကြောင်း သိရသည်။

· တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာရှိ တော်လှန်ကျောင်းသားပြည်သူများသည် သြဂုတ်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့စစ်သား/ရဲတပ်သားများကို ထောက်ခံကြိုဆိုကြောင်း ကြွေးကြော်ပြီး စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။

· ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ (၄)ရပ်ကွက် ရွှေစေတီလမ်းမှာ ရှိသည့် မြန်မာ့စီးပွားရေးဘဏ် အနီးတွင် စစ်တပ်ကပြုလုပ်ထားသည့် ဘန်ကာတစ်ခုအတွင်း ယနေ့မနက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သိရသည်။

 

တိုင်းရင်းသားလက်နက်ကိုင်များ

· KNLA တပ်မဟာ( ၂ )၏ နယ်မြေဖြစ်သည့် တောင်ငူခရိုင် ထန်းတပင် (ထောထတူ)မြို့နယ်တွင် အင်အားဖြည့် တင်း လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNDO တပ်ရင်း (၄)တို့ သြဂုတ် ၂၄ ရက် မနက်ပိုင်းက တို က်ပွဲ ဖြစ်ပွားခဲ့သည်။

· KNU ထိန်းချုပ်ဧရိယာဖြစ်သည့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်ရွာ အဝင်လမ်းအနီး ကားလမ်းမ ပေါ်တွင် စစ်သားအင်အား ခန့်မှန်းခြေ ၆၀ ခန့်အထိ လာရောက်ချထားက နေရာယူ ထားကြောင်း လာရောက်နေရာယူထားကြောင်းဒေသခံအချို့ထံမှ သိရသည်။

· စစ်ကောင်စီတပ်နှင့် ပူးပေါင်း BGF တပ်တို့ဟာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း အင်အားတိုးချဲ့ ဝင်ရောက်လာနေတဲ့ အတွက်ကြောင့် သတ်မှတ်နေရာ ထပ်ကျော်လာပါက တိုက်ပွဲ ပြင်းထန်လာ နိုင်ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်လိုက်သည်။

· ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ KNU တပ်မဟာ ၆ တပ်ဖွဲ့များအား ထိုးစစ်ဆင်တိုက်ခိုက် ရန်အတွက် ကရင်နယ်ခြားစောင့်တပ် BGF မှ စစ်ကြောင်းသုံးကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိနေပြီး ဘုန်းကြီးကျောင်းများအနီးတွင် တပ်စွဲထားကြောင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်မှ သတင်းထုတ်ပြန်သည်။

· စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မျှော်လင့်ချက်များအပြင် တကယ်မပြုတ်၍ မဖြစ်ဘူးဆိုသည့် အသိတရား မြင့်မြင့်မားမားနှင့် လူထုထဲတွင် ခိုင်ခိုင်မာမာ ဆုပ်ကိုင်မိသွားပြီဆိုပါက အောင်မြင်ရန် အကြောင်းက ရာခိုင်နှုန်းများနေကြောင်း KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာခရိုင် ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန် က Myanmar Now နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောဆိုထားသည်။

· ယမန်နေ့က အာရှလမ်းမကြီးဘေးနားတွင်ရှိသည့် ဒီကော့ကရိတ်တောင်ပိုင်း တစ်မိုင်ကုန်းရွာကနေ လက်နက်ကြီး အလုံး(၅၀)ကျော်ဖြင့် စစ်ကောင်စီမှ တစ်နာရီကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာခရိုင် ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန် ကပြောသည်။

· ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ စစ်ရေးလှုပ်ရှားရာ တပ်မဟာ ၂ နယ်မြေအတွင်း သြဂုတ်လ ၂၄ ရက်နံနက်တွင် အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို သံတောင်ကြီးမြို့နယ်၊ ရေသိုးကြီးကျေးရွာအနီးတွင် KNDO တပ်ရင်း ၄ မှ မိုင်းဆွဲ တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးကြောင်း KNDO ထံမှ သိရသည်။

· ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်နှင့် သံလွင်မြစ်ဆုံရာ အနီးတဝိုက်တွင် သြဂုတ်လ ၂၃ ရက် ညနေပိုင်းက လက်နက်ကြီး ပစ်ခတ်သံများကြားရပြီး စစ်ကြောင်းထိုးလာသည့် BGF တပ်များနှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာတွင် ဩဂုတ်လ ၂၁ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင် များ၏ လက်နက်များ၊ စားနပ်ရိက္ခာများသယ်ဆောင်လာသော မှန်လုံ အပြာ ကားတစ်စီးကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

· တနိုင်း ဟူးဟောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေသို့ ဝင်ရောက် လာသော အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

· ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်း ကုန်းဆွတ်ကျေးရွာအနီးတွင် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲ၊ ဝမ်ဒင်ဂပ်နာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့ ယနေ့ ၁၁နာရီကျော်အချိန်မှစပြီး တိုက်ပွဲပြင်းထန်းနေကြောင်း သတင်းရရှိသည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံနှင့် နမ္မတူကြားက ပန်လုံလမ်းခွဲ၌ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုအား ယမန်နေ့က ကေအိုင်အေ မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဩဂုတ် ၂၄ သုံးသပ်ချက်

· ယခုရက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ KNU တပ်မဟာများ၏ နယ်မြေအားလုံးနီးပါးတွင် အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး နေရာအနှံတွင် တိုက်ပွဲများဖြစ်ပွားနေသည်။ ကချင်၊ချင်း၊ကယား၊ ရှမ်းမြောက်ပိုင်း တချို့‌ဒေသများတွင်လည်း ထိုးစစ်အသွင်ဖြင့် ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်နေသည်။ယင်းအပြင် PDF အားကောင်းသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း တပ်ဖြန့်ဝင် ရောက်ကာ ဒေသခံများကို ခြိမ်းခြောက်မှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများလည်း တိုးလာ နေသည်။ယခင်အခြေအနေပြန်မရောက်သေးသည့် ဘဏ်လုပ်ငန်းများအတွက်လည်း စစ်ကောင်စီ ခေါင်းဆောင်များ ခေါင်းခဲနေဟန်တူသည်။နှစ်ပေါင်းများစွာ မူဝါဒကောင်းမရှိသည့် စိုက်ပျိုးရေးကဏ္ဍဖြင့် နိုင်ငံခြားဝင်ငွေ ရှာရန်စစ်ကောင်စီမှ စဉ်းစားနေသည်ကို တွေ့ရသည်။

· အမျိုးသားညီညွှတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ ပြည်သူ့ဘက်မှရပ်တည်ရင် အာမခံချက်ပေးမည်ဟု စည်းရုံးနေသလို CDM များအတွက်လည်း အာမခံချက်ရှိရန် ကြိုးစားလာ နေသည်။

· စစ်ကိုင်းတွင်တော်လှန်ရေးအားကောင်းနေသလို အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကလည်း အရှိန်ကောင်းနေသည်။ မန္တလေးတွင် ပစ်ခတ်ဖမ်းဆီးခံရမှုများရှိနေသော်လည်း အာဏာရှင် ဆန့်ကျင် သည့် သပိတ်များ အားကောင်းနေဆဲဖြစ်သည်။သတင်းပေါက်ကြားမှုများကြောင့် လူငယ်များ ဖမ်းဆီးခံနေရမှုများလည်းရှိသည်။ ရန်ကုန်မှာ ဆန္ဒပြမှုများ မရှိသလောက်နည်းသွားပေမယ့် မြို့ပြပျောက်ကြား တော်လှန်ရေး အရှိန်ကောင်းလာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required