ဟိုချီမင်းမြို့ ကိုဗစ်-၁၉ ကပ်ဘေး တိုက်ဖျက်ရေးမှာ စစ်တပ်ကိုပါ အစိုးရက အားဖြည့် 

By AFP
24 August 2021
ဟိုချီမင်းမြို့ ကိုဗစ်-၁၉ ကပ်ဘေး တိုက်ဖျက်ရေးမှာ စစ်တပ်ကိုပါ အစိုးရက အားဖြည့် 
Photo - AFP

ဩဂုတ် ၂၄

ဟိုချီမင်းမြို့ဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဆိုးဆိုးဝါးဝါး မြင့်တက်တာနဲ့ ရင်ဆိုင်နေရတာကြောင့် နိုင်ငံ စီးပွားရေးမြို့တော်ရဲ့ ကိုဗစ်-၁၉ ကပ်ဘေး တိုက်ဖျက်ရေးမှာ ကူညီအားဖြည့်ဖို့ ဗီယက်နမ်အစိုးရဟာ စစ်တပ်ကိုပါ ဖြန့်ကြက်ချထားပြီ ဖြစ်ပါတယ်။ 

ဟိုချီမင်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှု တန့်ရပ်ရေးအတွက် ‘ဘေးအများဆုံး’ ဧရိယာတွေမှာ နေအိမ်ကနေ အပြင်ထွက်ခွင့် ပိတ်တာအပါအဝင် တင်းကြပ်တဲ့ လော့ဒေါင်းကို တနင်္လာနေ့ကစလို့ စက်တင်ဘာ ၁၆ ရက်အထိ စတင်ချမှတ်ထားတာ ဖြစ်ပါတယ်။ 

လော့ဒေါင်း လိုက်နာမှု စောင့်ကြည့်ရေးမှာ ရဲနဲ့အတူ စစ်သားတွေပါ ပါဝင်ဆောင်ရွက်နေပြီး စစ်ဆေးရေးဂိတ်တွေမှာ ကင်းစောင့်ပေးနေကြသလို မြို့ခံအိမ်ထောင်စုတွေဆီ အစားအစာနဲ့ လိုအပ်ပစ္စည်းတွေလည်း လိုက်လံပို့ဆောင်ပေးလို့ နေပါတယ်။ 

“စစ်သားတွေ လာပို့ပေးတဲ့ ဟင်းသီးဟင်းရွက်တွေ ရရှိတာကြောင့် ကျွန်မ ပျော်သွားရပါတယ်၊ ကပ်ဘေးအခြေအနေကြောင့် ကျွန်မ အပြင်ထွက်လို့ မရဘူးလေ၊ ဒါကြောင့်ပါ၊ တင်းကြပ်တဲ့ လော့ဒေါင်း ချကတည်းက ကျွန်မ အပြင်လည်း မထွက်ဝံ့တော့ပါဘူး”လို့ မြို့ခံတစ်ဦးဖြစ်တဲ့ ငုယင်သီဟောင်က ပြောပါတယ်။ 

ငုယင်နက်ဟောင်းဆိုတဲ့ စစ်သားကလည်း “အခုလို ကူညီအားဖြည့်ရေးလုပ်ငန်းစဉ်အတွင်း ဒေသခံပြည်သူတွေ ကပ်ဘေးကို အမြန်ထိန်းချုပ်ရာမှာ ကျွန်တော်တို့က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဟိုချီမင်းမြို့ကို ကိုဗစ်-၁၉ ကနေ ဘေးကင်းရာဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ ထင်မိပါတယ်”လို့ ပြောပါတယ်။ 

အခု ကူညီအားဖြည့်ရေးမှာ စစ်တပ်အနေနဲ့ ကွင်းပြင်ယာယီဆေးရုံတွေ တည်ဆောက်ရေး၊ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးပို့ရေး၊ ဆေးထိုးနှံပေးရေးလုပ်ငန်းတွေအပြင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူရုပ်အလောင်းတွေ ခွဲစိတ်စစ်ဆေးရေးတွေမှာပါ အားဖြည့်ကူညီပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းအရ သိရပါတယ်။ 

ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ စုစုပေါင်း ၃၅၈၄၅၆ ဦး ရှိပြီး သေဆုံးသူ ကိုးထောင်နီးပါး ရှိနေရာမှာ တစ်နိုင်ငံလုံး သေဆုံးနှုန်းရဲ့ ၈၀ ရာခိုင်နှုန်းက ဟိုချီမင်းမြို့က ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly