ယနေ့ ဖြစ်ပွားသည့် တမူးမြို့ကတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၇ ဦးခန့်သေဆုံး

ယနေ့ ဖြစ်ပွားသည့် တမူးမြို့ကတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၇ ဦးခန့်သေဆုံး

ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ယနေ့ နံနက်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၇ ဦးခန့်သေဆုံးပြီး PDF ဘက်မှ ရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း PDF တမူး၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တမူးမြို့ပြင်ရှိ စက်မှုနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် နယ်မြေခံ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ် PDF တမူးတပ်ဖွဲ့ဝင်များက ယနေ့ သြဂုတ် ၂၃ ရက် မနက် ၅နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

" ဒီကနေ့ မနက် ၉နာရီလောက်အထိပစ်ကြတယ်။ သူတို့ဘက်ကတော့ သေကြတာ ကျိန်းသေတယ်။တမူးဆေးရုံမှာ စစ်ခွေးတွေ ပြာယာခတ်နေတယ်" ဟု PDF တမူး၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သြဂုတ် ၂၂ ရက်ကလည်း တမူးမြို့ ၊ မြို့မ (၁၂) ရပ်ကွက် နန်းဖာလုံ အထက (ခွဲ) ကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်များကို ပြည့်သူကာကွယ်ရေးတပ်( PDF) တမူး၏ လက်ရုံးပြောက်ကျားတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ​စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်( PDF) တမူးသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ လက်အောက်ခံ PDF တပ်ဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ ဒေါက်တိုင်များကို မြေပြင်တွင် နည်းလမ်းပေါင်းစုံဖြင့် အဆက်မပြတ်တိုက်ခိုက်ချေမှုန်း သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိ‌ပေးကြေညာထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့သည် အကြမ်းဖက်စစ်ကောင်စီအား လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့သည့် အဦးဆုံးမြို့များအနက် တစ်မြို့ဖြစ်သည်။

ဧပြီလအတွင်းကဖြစ်ခဲ့သော တိုက်ပွဲတစ်ခုအတွင်း ဒေသခံလူငယ်များက အကြမ်းဖက်စစ်ကောင်စီအား မြို့တွင်းလမ်းများမှနေ၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်က ၁၈ဦးကျဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly