စစ်ကောင်စီ၏ အသစ်ပြင်ဆင်မည့် ထီဥပဒေကြမ်း ပေါက်ကြားလာ

စစ်ကောင်စီ၏ အသစ်ပြင်ဆင်မည့် ထီဥပဒေကြမ်း ပေါက်ကြားလာ

ဩဂုတ် ၂၂

စစ်ကောင်စီ၏ အောင်ဘာလေထီကို အွန်လိုင်းမှ ဖြန့်ဖြူးရောင်းချနိုင်မည့် အီလက်ထရောနစ်ဥပဒေ အသစ်ပြင်ဆင်မည့် လျှို့ဝှက်ထီဥပဒေကြမ်းသည် ယနေ့ (သြဂုတ်၂၂ ရက်) တွင် ပေါက်ကြားလာခဲ့သည်။

အောင်ဘာလေသိန်းဆု အခွန်များ ပိုမိုတိုးတက် ကောက်ခံနိုင်စေရန်၊ ထီလက်မှတ်များ ထုတ်ဝေခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းနှင့် ထီဆုငွေထုတ်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ အီလက်ထရောနစ် ထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွက်ချက်များဖြင့် ဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း လျှို့ဝှက်စာတွင် ပါရှိသည်။

"အီလက်ထရောနစ်နည်းနဲ့ မရောင်းလို့ သူတို့ထီက မရောင်းရတာ မဟုတ်ဘူး။ ပြည်သူတွေက တော်လှန်ရေးအနေနဲ့ မထိုးကြလို့ မရောင်းရတာ၊ ဆုကြေးတွေ ပိုပေးလည်း ထိုးမှာ မဟုတ်ဘူး။ သူတို့ဘာသာ ဘယ်လိုပဲ ပြောင်းလည်း ပြင်ဆင်နေနေ ဘယ်လိုမှ ရောင်းရမှာမဟုတ်ဘူး" ဟု NUG ၏ စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

အောင်ဘာလေထီလုပ်ငန်း အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ၏ စီမံကိန်း၊ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အောင်ဘာလေထီကို လက်ကားဝယ်ရောင်းလုပ်နေသည့် ထီလုပ်ငန်းရှင်ကြီးများအနေဖြင့် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူ၊ ရောင်းချ၊ ဖြန့်ဖြူးခြင်း မပြုကြရန်အထူးသတိပေး တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly