ကိုဗစ်-၁၉ မူဝါဒကြောင့် တရုတ်ဆိပ်ကမ်းများတွင် ပြည့်သိပ် ပိတ်ဆို့နေ

ကိုဗစ်-၁၉ မူဝါဒကြောင့် တရုတ်ဆိပ်ကမ်းများတွင် ပြည့်သိပ် ပိတ်ဆို့နေ

တရုတ်အစိုးရ၏ ပြင်းထန်သော ကိုဗစ်ဗိုင်းရပ်စ်မူဝါဒအရ ရောဂါကူးစက်မှုတားဆီးရေး ပိုမိုတင်းကြပ်သော အစီအမံများ၊ ကုန်ပစ္စည်းတင်သည့် လုပ်ငန်းစဉ်များ နှေးကွေးခြင်းနှင့် နန်ဘိုမြို့သို့ ဆင့်ခေါ်ထားသော သင်္ဘောများ လမ်းကြောင်းပြောင်းရသဖြင့် တရုတ်ဆိပ်ကမ်းများစွာတွင် ပိတ်ဆို့မှုများဖြစ်ပွားနေသည်။

သြဂုတ်လ ၁၇ရက်က တရုတ်၏ ဒုတိယအကြီးဆုံးဆိပ်ကမ်းဖြစ်သော နန်ဘိုဆိပ်ကမ်းတွင် ကွန်တိန်နာ သင်္ဘော ၅၀ ကျော်သည် တန်းစီစောင့်ဆိုင်းနေရသလို နန်ဘိုဆိပ်ကမ်း၏ သင်္ဘောဆိပ်တစ်ခုတွင် ကိုဗစ်-၁၉ ကူးစက်သူတစ်ဦး တွေ့ရှိပြီးနောက် သြဂုတ်လ ၁၀ ရက်တွင် ကူးစက်ခံရသူ ၂၈ ဦးရှိရာမှ များပြားလာနေကြောင်း Refinitiv၏ အချက်အလက်များက ဖော်ပြနေသည်။

နိုင်ငံတကာရေကြောင်းပို့ဆောင်ရေးအဖွဲ့များက ၎င်းတို့၏ဖောက်သည်များအား နှောင့်နှေးကြန့်ကြာမှုများနှင့် လမ်းကြောင်း ပြင်ဆင်မှုများအတွက် သတိပေးခဲ့သည်။

CMA CGM မှ ပြေးဆွဲနေသော အနည်းဆုံး သင်္ဘော ၁၄ စင်း၊ Maersk သင်္ဘော ၅ စင်းနှင့် Hapag-Lloyd သင်္ဘော ၄ စင်းတို့သည် နန်ဘိုဆိပ်ကမ်းတွင် ဆိုက်ကပ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီး ဒါဇင်နှင့် ချီသော သင်္ဘောများစွာ၏ အချိန်ဇယားများကို ပြန်ညှိနေရကြောင်း သင်္ဘောကုမ္ပဏီများက ဆိုသည်။

“ခြွင်းချက်မရှိတဲ့ တရုတ်ရဲ့ မူဝါဒက ကူးစက်ရောဂါအတွက် ကောင်းပေမယ့် ပစ္စည်းတင်ပို့မှု ကွင်းဆက် အတွက် ဆိုးပါတယ်” ဟု အမေရိကန်အခြေစိုက် Sourcing Industry Group ၏ အမှုဆောင်အရာရှိချုပ် ဒေါင်းသူရက ပြောကြားခဲ့သည်။

“လာမယ့်အားလပ်ရက် ဈေးဝယ်ရာသီအပြင် ကျောင်းပြန်တက်တာနဲ့ အလုပ်ပြန်တက်နှုန်းမြင့်လာကို ထည့်သွင်း စဉ်းစားရင် အချိန်ကိုက်ဖြစ်ဖို့ ခက်ခဲပါတယ်”

ပြီးခဲ့သည့် သီတင်းပတ်က ဆိပ်ကမ်းတစ်ခုတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် နန်ဘိုဆိပ်ကမ်း၏ ကုန်သေတ္တာ ၂၀ ရာခိုင်နှုန်းခန့်ကို လုပ်ကိုင်နေရသော ယင်းသင်္ဘောဆိပ်ကို ရောဂါကူးစက်မှုတားဆီးရန် ပိတ်လိုက်သော်လည်း သက်ရောက်မှုလျှော့ချရန် အားထုတ်မှုများကြောင့် နန်ဘိုဆိပ်ကမ်း ၏ကွန်တိန်နာ ကိုင်တွယ်မှုစွမ်းရည်ပမာဏသည် ဇူလိုင်လနေ့စဉ် ပျမ်းမျှပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်သို့ ပြန်လည်

ရောက်ရှိနေပြီဖြစ်ကြောင်း Ningbo Zhoushan Port Co က သြဂုတ်လ ၁၆ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

"တရုတ်က ကမ္ဘာပေါ်မှာ ကုန်ပစ္စည်းတင်ပို့မှု လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တရုတ်ကနေ ပိတ်တာဖြစ်ဖြစ်၊ နောက်ကျတာဖြစ်ဖြစ် ဖြစ်သွားတာနဲ့ ကုန်ချောပစ္စည်းထုတ်လုပ်ဖို့ ၂ ဆင့် ၃ ဆင့်လောက် နှောင့်နှေးစေနိုင်ပါတယ်" ဟု အမေရိကန်အခြေစိုက် LeanDNA၏ အမှုဆောင်အရာရှိချုပ် ရစ်ချက် လီဘိုဗစ်ဇ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၁ ရက်အတွင်း ရောဂါကူးစက်မှုအန္တရာယ်များသည့် ဒေသများဖြစ်သော အိန္ဒိယ၊ လာအို သို့မဟုတ် ရုရှားကဲ့သို့သော ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခဲ့သော သင်္ဘောများနှင့် ပတ်သက်ပြီး တရုတ်ဆိပ်ကမ်းများသည် ကြိုတင်တားဆီးရေးဆိုင်ရာ ကိုယ်ပိုင်စည်းမျဉ်းများချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required