တရုတ်က အာဖရိကမှ တောရိုင်းတိရစ္ဆာန်များကို တရားမဝင် မှောင်ခိုတင်သွင်းနေ

By Daily Hunt
22 August 2021
တရုတ်က အာဖရိကမှ တောရိုင်းတိရစ္ဆာန်များကို တရားမဝင် မှောင်ခိုတင်သွင်းနေ

တောရိုင်းတိရစ္ဆာန်များ၊ ပန်းမန်များကို ဆေးဝါးအဖြစ် အသုံးပြုခြင်းနှင့် အစားအစာအဖြစ် စားသုံးခြင်းတို့ကြောင့် နာမည်ကြီးသော တရုတ်က အာဖရိကမှ တောရိုင်းတိရစ္ဆာန်များကို တရားမဝင် မှောင်ခိုကူးရောင်းဝယ်မှုအတွက် ထပ်မံသတိထားစောင့်ကြည့်ခံနေရသည်။

ADM Capital Foundation ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတစ်စောင်တွင် တရားမဝင် တောရိုင်းတိရစ္ဆာန်များကို လွန်ခဲ့သော ၁၀ နှစ်က 'တရုတ်ရိုးရာတိုင်းရင်းဆေးဝါးများ' (TCM) အတွက် အဓိကဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတကာအခွင့်အရေးနှင့် လုံခြုံရေးဖိုရမ် (IFFRAS) က အစီရင်ခံခဲ့သည်။

အာဖရိကမှ တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုကို တရုတ်ရိုးရာ တိုင်းရင်းဆေးဝါးများ(TCM) အတွက် အဓိကထား ဝယ်ယူနေသော်လည်း ဆင်စွယ်ဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာများ၊ တရုတ်ရှိ ပရိဘောဂ လုပ်ငန်းနှင့် ဖျော်ဖြေရေးအတွက် တိရစ္ဆာန်များပြသခြင်းသည်လည်း တရားမဝင်ကုန်သွယ်မှုကို တွန်းအားပေးနေသည်။

မျောက်၊ ကျားသစ်၊ ကျား၊ ကြံ့၊ ခြင်္သေ့နှင့် အာဖရိကမြွေပါများကို ဆပ်ကပ်၊ အပန်းဖြေဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်များတွင်ပြသရန် အာဖရိကတောများမှ မှောင်ခိုကူးခံနေရသည်။

ယင်းတိရစ္ဆာန်များကို စမ်းသပ်မှုများအတွက် ဓာတ်ခွဲခန်းများကလည်း ဝယ်ယူကြသည်။

နှစ်စဉ် ဒေါ်လာ ၄၅ ဘီလီယံ ဝင်ငွေရှိသော တရုတ်တိုင်းရင်းဆေးလုပ်ငန်းများတွင် လိုအပ်ချက်မြင့်မားလာမှုကို ထောက်ပံ့ပေးရန်အတွက် ဆင်၊ ကျား၊ ကြံ့နှင့် သင်းခွေချပ်များကဲ့သို့သော မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်များကို အာဖရိကတွင် ဖမ်းဆီးနေရကြောင်း အစီရင်ခံစာက ဆိုသည်။

တရုတ်တိုင်းရင်းဆေးတွင် အသုံးပြုသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များသည် ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများရှိသည်ဟူသော သက်သေအထောက်အထားအနည်းငယ်သာရှိသည်။ တရုတ်က တောရိုင်းတိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုကို တားဆီးရန် လုပ်ဆောင်ရမည့်အစား စံနှစ်မျိုးကျင့်သုံးနေသည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၁၃ ခုနှစ် လေ့လာမှုများအရ အာဖရိကမှ တန်ဖိုးမြင့် တောရိုင်းတိရစ္ဆာန်များ မှောင်ခိုရောင်းဝယ်မှုလုပ်ကိုင်နေသူများသည် မူးယစ်ဆေးဝါးများကဲ့သို့သော တရားမဝင်ကုန်ပစ္စည်းများ မှောင်ခိုရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေသူများလည်း ပါဝင်နေကြောင်း IFFRAS က အစီရင်ခံသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required