မြင်းပွဲဗီဒီယိုရိုက်သည့် တိဗက် လူမျိုး ၁၁၀ ဖမ်းဆီးခံရ

By Tibet Press
22 August 2021
မြင်းပွဲဗီဒီယိုရိုက်သည့် တိဗက် လူမျိုး ၁၁၀ ဖမ်းဆီးခံရ

တရုတ်အစိုးရက တိဘက်ဒေသရှိ ပြည်သူများအား နှောက်ယှက်မှုများ လုပ်ဆောင်ရာတွင် ၎င်းတို့ဒေသ၌ ကျင်းပသည့် မြင်းအပြေးပြိုင်ပွဲအား မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးသူ ၁၁၀ ကို ဖမ်းဆီးထားသည်။

ဒဏ်ငွေရိုက်၍ ၈၀ ဦးကို ပြန်လွှတ်လိုက်ပြီး ကျန် ၃၀ ဦး၏ အခြေအနေကို အသေးစိတ်မသိရသေးကြောင်း Tibet Watch သတင်းဌာန၏ ဖော်ပြချက်ကို ကိုးကား၍ Phayul တိဘက်သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

နယ်မြေခံတရုတ်အရာရှိများက နံနက် ပိုင်းတွင် ရွာသားများကို အစည်းအဝေးခေါ်ခဲ့ပြီး ယင်းအစည်းအဝေးကို ရွာသားများ၏ ဖုန်းများကို စားပွဲတစ်လုံးပေါ်ရှိ သေတ္တာတစ်ခုထဲတွင် ထည့်စေခဲ့ကာ ဖုန်းများကို ရှာဖွေစစ်ဆေးခဲ့သည်။

ယင်းအစည်းအဝေးသို့ ရဲ ၁၁ ဦးလည်းတက်ရောက်ခဲ့ပြီး လူ ၁၁၀ ဦး၏ အမည်များကို ခေါ်ကာ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

“ဩဂုတ် ၉ ရက်က ကျင်းပခဲ့တဲ့ မြင်းပြိုင်ပွဲကို အွန်လိုင်းမှာတင်ခဲ့တဲ့ တိဘက်ဒေသခံတွေကို စစ်ဆေးမေးမြန်းခဲ့ပါ တယ်။ သူတို့ထဲက ၈၀ ဦးကို ယွမ် ၅၀၀၀ စီ ဒဏ်ရိုက်ပြီး လွှတ်ပေးခဲ့ပါတယ်” ဟု သတင်းတွင် ဖော်ပြထားသည်။

မြင်းပြိုင်ပွဲ ပြင်ဆင်နေသည့် တာဝန်ရှိသူများကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရိုက်ကူးခြင်း သို့မဟုတ် အွန်လိုင်းသို့ တင်ခြင်းများကို ပြုလုပ်ပါက ဒဏ်ငွေရိုက်ခံရမည်ဖြစ်သလို ရဲစခန်းသို့ အပတ်စဉ် လာရောက်ရမည်ဟု ပြိုင်ပွဲမကျင်းပမီကပင် တရုတ်အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။

တရုတ်စစ်တပ်များက တိဘက်ဒေသကို ၁၉၅၀ ပြည့်နှစ်တွင် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ၁၉၅၉ ခုနှစ်က တိဘက်ဒေသခံများနှင့် တရုတ်တပ်ဖွဲ့များ အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ တရုတ်အုပ်ချုပ်မှုအား တော်လှန်မှု ကျဆုံးခဲ့သဖြင့် ၁၄ ဆက်မြောက် ဒလိုင်းလားမားသည် အိန္ဒိယသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကာ တိဘက် ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်းလားမားသည် အိန္ဒိယတွင် အဝေးရောက် အစိုးရတစ်ရပ် ထူထောင်ထားသည်။

အိနိ္ဒယနိုင်ငံ၊ ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်၏ ဓရမ်ဆလာမြို့တစ်မြို့တည်း၌ပင် တိဘက် ၁ သောင်းကျော် နေထိုင်ပြီး ကမ္ဘာ့အခြားဒေသများတွင် နေထိုင်သူ တိဘက်လူမျိုး ၁၆၀၀၀၀ ခန့်ရှိသည်။

၂၀၁၃ ခုနှစ်တွင် သမ္မတစတင်ဖြစ်လာသည့် ရှီကျင့်ဖျင်က တိဘက်တွင် လုံခြုံရေးတင်းကြပ်သည့် မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ပြီး တရုတ်အစိုးရက ဗုဒ္ဓဘာသာရဟန်းများနှင့် ဒလိုင်းလားမားအား ကိုးကွယ်ယုံကြည်သူများကို နှိပ်ကွပ်ခဲ့သည်။

တိဘက်ဒေသ၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်အစိုးရ နည်းလမ်းမျိုးစုံဖြင့် ဖော်ပြခဲ့သည်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမင်း မကြာသေးမီက တရုတ်နို်ငငံသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် တိဘက်၊ ဟောင်ကောင်နှင့် အရှေ့တာကက်စတန်တို့၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required