ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ဆက်လက်မြင့်တက်နိုင်ကြောင်း မြို့ ၈ မြို့ကို မိုးဇလက သတိပေး

ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ဆက်လက်မြင့်တက်နိုင်ကြောင်း မြို့ ၈ မြို့ကို မိုးဇလက သတိပေး

ဩဂုတ် ၂၀

မိုးသည်ထန်စွာရွာသွန်းမှုက ဧရာဝတီမြစ်ကြောင်းတလျောက် အောက်ဖက်ပိုင်းတွင် မြစ်ရေဆက်လက်မြင့်တက်လာနိုင်ကြေင်းနှင့် သက်ဆိုင်ရာ မြို့ကြီးရှစ်မြို့ကို ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှူးရုံးက သတိပေးထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့ ၊ စစ်ကိုင်းတိုင်ဒေသကြီးအတွင်းရှိ ကသာမြို့၊ သပိတ်ကျင်းမြို့နှင့် စစ်ကိုင်းမြို့ မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးမြို့နှင့် မြင်းမူမြို့တို့ပါဝင်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြစ်ကြီးနားမြို့မှ စီးဆင်းလာသည့် ဧရာဝတီမြစ်ရေရောက်ရှိခြင်း၊ တာပိန်ရေအားလျှပ်စစ်စက်ရုံမှ ဖောက်ချလိုက်သည့် တာပိန်မြစ်ရေ စီးဝင်မှုများကြောင့် ဗန်းမော်မြို့၏ အထက်ပိုင်းတွင် မြစ်ရေ မြင့်တက်မှု သာမန်ထက် အနည်းငယ် ပိုမြန်နိုင်ကြောင်း သိရသည်။

တာပိန်ရေအားလျှပ်စစ် စက်ရုံမှ ရေဖောက်ချခြင်းနှင့် ပတ်သက်၍ ဖောက်ချမည့် အချိန်နှင့် ရေပမာဏကို ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဌာနရုံးက ကြိုတင်သိရှိထားခြင်း မရှိသည့်အတွက် ဗန်းမော်မြို့တွင် မြင့်တက်လာမည့် ဧရာဝတီမြစ်‌ရေ၏ပမာဏကို မခန့်မှန်းနိုင်ကြောင်း ပြည်နယ်မိုးဇလ ဦးစီးအရာရှိ နိုင်လင်းထွေးမှ ဆိုသည်။

ပြီးခဲ့တဲ့နှစ်က တာပိန်ရေအားလျှပ်စစ်စက်ရုံမှ ရေများကို တစ်ကြိမ်ဖောက်ချခဲ့ဖူးသည်။ ယင်းအချိန်က

ဗန်းမော်မြို့တွင် ရေဘေး စိုးရိမ်စရာမရှိခဲ့ဘဲ ဧရာဝတီမြစ်ရေ အနည်းငယ်သာ တက်ခဲ့ကြောင်း ပြည်နယ်မိုးဇလရုံးက သိရသည်။

COVID -19 ကူးစက်ရောဂါဖြစ်ပွားနေသည့် လက်ရှိ အခြေအ‌နေတွင် ဗန်းမော်မြို့အခြေစိုက် မိုးဇလရုံးရှိ ကျွမ်းကျင်ဝန်ထမ်းများသည် ဧရာဝတီမြစ်ရေကို တစ်နာရီလျှင် တစ်ကြိမ်နှုန်း တိုင်းထွာမှတ်သားပြီး သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေ‌ကြောင်း ပြည်နယ်မိုးဇလရုံး တာဝန်ရှိသူက ဆိုသည်။

ဗန်းမော်မြို့၏ ဧရာဝတီမြစ်‌ရေ စိုးရိမ်ရေအမှတ်သည် ၁,၁၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် မြစ်ရေသည် ၁,၁၀၀ စင်တီမီတာ ကျော်သို့ ရောက်ရှိနေသည့်အတွက် ဆက်လက်စောင့်ကြည့်နေရမည့် အနေအထားဖြစ်ကြောင်း သိရသည်။

အချိန်၂၄ နာရီ အတွင်း ရွှေကူမြို့ရှိ ဧရာဝတီမြစ်‌ရေသည် ဆက်လက် မြင့်တက် လာမည်ဟုလည်း မိုးဇလဌာနက သတိပေးထားသည်။

ယနေ့ သြဂုတ် ၂၀ ရက် မှစ၍ နောက်ထပ် ၄၈နာရီ ( နှစ် ရက်)အတွင်း ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ် ၉၃၀ စင်တီမီတာကို ကျော်လွန်ရောက်နိုင်သည်။

ဗန်းမော်မြို့နှင့် ရွှေကူ မြို့များတွင် မြေနိမ့်ပိုင်း ရပ်ကွက်များ၌ နေထိုင်ကြသည့် မိဘပြည်သူများ အနေဖြင့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ထားရှိပါ ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း မိုးဇလဌာနက အကြံပြုထားသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ အစဉ်လိုက် မြို့များဖြစ်သည့် ကသာမြို့နှင့် သပိတ်ကျင်းမြို့ အစရှိသည့်မြို့များတွင်လည်း မြစ်ရေ ဆက်လက် မြင့်တက်လာမည် ဖြစ်သည့်အတွက် လိုအပ်သလို ကြိုတင်ပြင်ဆင်ထားရန် မိုးဇလက သတိပေးထုတ်ပြန်ထားသည်။

ယင်းအပြင် ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်နေသည်အတွက် ပခုက္ကူမြို့နှင့် အောက်ပိုင်းဒေသများတွင် မြစ်ရေ လျှင်မြန်စွာ ဆက်လက် တက်လာနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly